နံပါတ်နှစ်ခေါင်းဆောင် အမေရိကန်လေကြောင်း တိုက်ခိုက်မှုတွင် သေဆုံးခဲ့ဟု အိုင်အက်စ်အတည်ပြု

နံပါတ်နှစ်ခေါင်းဆောင် အမေရိကန်လေကြောင်း တိုက်ခိုက်မှုတွင် သေဆုံးခဲ့ဟု အိုင်အက်စ်အတည်ပြု

ဘေရွတ်၊ အောက်တိုဘာ - ၁၄ ။           ။ ယခုနှစ်အစောပိုင်းက အမေရိကန် လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် ဂျီဟတ်အဖွဲ့၏ ဒုတိယအကြီးအကဲဖြစ်သူ သေဆုံးခဲ့ကြောင်း အိုင်အက်စ်အဖွဲ့၏ ပြောခွင့် ရပုဂ္ဂိုလ်က အင်္ဂါနေ့က အတည်ပြုပြောကြားခဲ့သည်။

‘အမေရိကဟာ အဘူ မူတက်ဇ် အယ်လ် ကူရာရှီကို သတ်နိုင်လိုက်တဲ့အပေါ်မှာ ဝမ်းသာအားရဖြစ်နေကြပြီး မဟာအောင်ပွဲတစ်ရပ်လို့ ယူဆနေကြတယ်’’ဟု အဘူ မိုဟာမတ် အယ်လ် အက်နာနီက ဂျီဟတ်ဝဘ်ဆိုက်များတွင် လွှင့်တင်လာသည့် အသံဖိုင်တွင် ပြောကြားခဲ့သည်။

‘ကျနော်က သူ့ကို အောက်မေ့နေမှာမဟုတ်ဘူး။ သူက အလာရှင်မြတ်ရဲ့ အမိန့်တော်အတိုင်း သေဆုံးဖို့ပဲ ဆန္ဒရှိတဲ့လူ။ ဘုရားသခင်ရဲ့ ဆန္ဒအတိုင်း အမေရိကကို ဒုက္ခပေးဖို့ သူရဲကောင်းတွေကို ချန်ထားရစ်ခဲ့တယ်’’ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ကူရာရှီ မည်သည့်အကြောင်းကြောင့် သေဆုံးခဲ့ရသည်ကိုမူ အက်နာနီက ပြောကြားသွားခဲ့ခြင်းမရှိပေ။

သို့ရာတွင် အိမ်ဖြူတော်ကမူ အီရတ်မြောက်ပိုင်း မိုဆူးမြို့အနီး သြဂုတ်လ ၁၈ရက်နေ့က လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် အမည်ရင်း ဖာဒီ အာမတ် အယ်လ် ဟာယာလီခေါ် ကူရာရှီကို သတ်ဖြတ်နိုင်ခဲ့သည်ဟု သြဂုတ်လ ၂၂ရက်နေ့က ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။    

ယာဉ်တစ်စင်းကို ပစ်မှတ်ထား၍ လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အဘူ အဗ္ဗဒူလာဟု လူသိများသည့် အိုင်အက်စ် မီဒီယာတာဝန်ခံတစ်ယောက်ကိုလည်း သတ်ဖြတ်ပစ်နိုင်ခဲ့သည်ဟု အဆိုပါ ကြေညာချက်တွင် ပြောကြားခဲ့သည်။

ထိုအချိန်က ဟာယာလီမှာ အိုင်အက်စ်ခေါင်းဆောင် အဘူ ဘခါ အယ်လ် ဘက်ဒါဒီ၏ အကြီးတန်းလက်ထောက်တစ်ယောက်ဖြစ်သည်ဟုလည်း အမေရိကန် လုံခြုံရေးကောင်စီက ပြောကြားခဲ့သည်။

ဟာယာလီမှာ အိုင်အက်စ် အုပ်ချုပ်ရေးကောင်စီ၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သကဲ့သို့ မြောက်များလှစွာသော လက်နက်များ၊ ပေါက်ကွဲပစ္စည်းများ၊ ယာဉ်များနှင့် လူများကို အီရတ်နှင့် ဆီးရီးယားကြား သယ်ပို့ရာတွင်လည်း အဓိကကျသည့် ညှိနှိုင်းရေးမှူးတစ်ယောက်ဖြစ်သည်ဟုလည်း အိမ်ဖြူတော်က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly