လွိုင်ကော်တွင် ဖမ်းမိသော မူးယစ်ဆေးဝါးနှင့် ကျည်ဆံများ၏ ကွင်းဆက်အဖြစ် မန္တလေးတွင် လက်နက်အချို့ ဖမ်းမိ

လွိုင်ကော်တွင် ဖမ်းမိသော မူးယစ်ဆေးဝါးနှင့် ကျည်ဆံများ၏ ကွင်းဆက်အဖြစ် မန္တလေးတွင် လက်နက်အချို့ ဖမ်းမိ
(ဓာတ်ပုံ၊မဟာအောင်မြေရဲတပ်ဖွဲ့)

မန္တလေး၊ သြဂုတ် ၂၈ ။         ။ လွိုင်ကော်တွင် ဖမ်းမိသော မူးယစ်ဆေးဝါးနှင့် ကျည်ဆံများ၏ ကွင်းဆက်အဖြစ် မန္တလေးတွင် လက်နက်အချို့ ဖမ်းမိခဲ့ကြောင်း မဟာအောင်မြေရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်က မဇ္ဈိမကို အတည်ပြုပြောသည်။

သြဂုတ်လ ၂၇ ရက်က ကယားပြည်နယ်၊လွိုင်ကော်မြို့တွင်း မူးယစ်ဆေးဝါးနှင့်ကျည်ဆံများ ဖမ်းဆီးရရှိမှု ကွင်းဆက်အဖြစ် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊၄၁လမ်း၊၇၁လမ်းနှင့်ရ၂လမ်းကြား၊ တက္ကသိုလ် တိုက်တန်း အခန်းအမှတ် J (1/2) တွင် ဖွင့်လှစ်ထားသည့် Smile ဖိနပ်အမျိုးမျိုးအရောင်းဆိုင် အပေါ်ထပ်မှ လက်နက်တစ်ချို့ကို သြဂုတ်လ ၂၈ ရက်၊နံနက် ၁၁ နာရီ ၄၅ မိနစ်က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

"ဟုတ်ပါတယ်။စစ်ဆေးတုန်းပဲခင်ဗျ။"ဟု ရဲမှူး ဝင်းနိုင်က ညနေ ၆ နာရီတွင် ပြောသည်။

အဆိုပါဖြစ်စဉ်အတွက် တိုင်းမှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၊ မဟာအောင်မြေမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့်မြို့နယ် အုပ်ချုပ်ရေးမှူးတို့သည် Smile ဖိနပ်အမျိုးမျိုးအရောင်းဆိုင်အပေါ်ထပ်ရှိ အာကာမောင်(ခ) အာကာ အသက် ၃၁ နှစ် (ဘ) ဦးမင်းဆွေ၏ အခန်းအား ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါ အခန်းအတွင်း ဗီရိုကြားမှ လေသေနတ် အရှည် စနိုက်ပါတပ်လျှက် တစ်လက် ၊ဆွန်ဇာလန်နိုင်ငံထုတ် လေသေနတ် ပစ်စတို တစ်လက်နှင့် ဆက်စပ် ပစ္စည်းများ၊ လေသေနတ်ခဲကျည် ခုနစ်ဘူး၊ ပွိုင့်-၂၂ ကျည် တစ်ဘူး (၅၀) ပါ နှစ်ဘူး ၊ငှက်ကြီးထောင် ဓားရှည် နှစ်လက်အပါအဝင် ဓား အတို/အရှည် ရှစ်ချောင်း၊ စနိုက်ဘာမှန်ပြောင်း တစ်ခု၊ အသံတိတ်ပြောင်းတို တစ်ခု၊ ကျော်ပိုးအိပ်တစ်လုံး၊ ခရီးဆောင်အိပ် တစ်လုံးတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့ပြီး တရားခံဟု ယူဆရသူအား ဆက်လက်စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ရဲမှတ်တမ်းအရသိရသည်။

သြဂုတ်လ ၂၇ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အဝေးပြေးကားဂိတ်၌ မကေသီမြ(၃၃)နှစ်မှ မန္တလေးသို့ ကားပစ္စည်းများပို့လိုကြောင်းပြောကာ လိပ်စာမပါသော ဆာလာအိတ် ၁ လုံးအား အပ်နှံကြောင်း အကြောင်းကြားချက်အရ ကယားပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါ အိတ်အတွင်းမှ မော်တော်ယာဉ် ကလပ်ဘရိတ်အဟောင်း တစ်ခု၊ ပဲနို့ အချိုရည်ဗူးခွံ၊ ပလပ်စတစ်ဗူးတို့ဖြင့် ထည့်ထားသော ပွိုင့် ၂၂ ကျည် ၁၅၀၀ တောင့်၊ ပဲနို့ အချိုရည်ပါ ဗူးငယ် ငါးဗူး၊ ဖောက်စက်ဟောင်း တစ်ခု တို့နှင့်အတူ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ ဖြစ်စဉ်အတွက် စစ်ဆေးချက်များအရ နေအောင်(၃၄)နှစ်၏နေအိမ်အား ဆက်လက် ဝင်ရောက် ရှာဖွေရာ နေအောင်(၃၄)နှစ်အား နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး နေအိမ်တွင်ရပ်ထားသော မော်တော်ယာဉ် ရှေ့ခန်းထိုင်ခုံကြားမှ စိတ်ကြွရူးသွပ် ဆေးပြား ၁၁၁ ပြား(ဒေသကာလပေါက်စျေးတန်ဖိုးငွေကျပ် ၂.၇၇၅ သိန်း)အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မကေသီမြ(၃၃)နှစ်နှင့် နေအောင် (၃၄)နှစ်တို့အား လွိုင်ကော် မြို့မရဲစခန်းတွင် လက်နက်ဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ များဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly