တပ်မတော်၏ တရားစွဲဆိုလာမှုအပေါ် ဝမ်းမြောက်စွာကြိုဆိုသည်ဟု ဒေါက်တာခလမ်ဆမ်ဆွန်ဆို

By ကရိုင်နူးရာ
28 August 2019
တပ်မတော်၏ တရားစွဲဆိုလာမှုအပေါ် ဝမ်းမြောက်စွာကြိုဆိုသည်ဟု ဒေါက်တာခလမ်ဆမ်ဆွန်ဆို
photo - facebook( shadan zau hpring)

ရန်ကုန်၊ သြဂုတ် ၂၈ ။          ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည့် စကားများနှင့် ပတ်သတ်၍ တပ်မတော်မှ တရားစွဲဆိုလာမှုအပေါ် ဝမ်းမြောက်စွာ ကြိုဆိုသည်ဟု ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံစဉ် ပြောဆိုခဲ့သည့် စကားများနှင့် ပတ်သတ်၍ ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်(KBC) ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန်အား အမှုဖွင့်ပေးရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး သန်းထိုက်မှ သြဂုတ်လ ၂၆ ရက်နေ့က မြစ်ကြီးနားမြို့နယ် တရားရုံးတွင် ဦးတိုက် လျှောက် ထားခဲ့ကြောင်း သိရှိရသည်။

“တပ်မတော်ဘက်က ဒီလို တရားရုံးကနေတစ်ဆင့် စွဲဆိုလာတယ်ဆိုတာကိုတော့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ဒါ ပွင့်လင်းမြင်သာမှုရဲ့ တပ်မတော်ရဲ့ ပြောင်းလဲမှုတစ်ခုလို့ ကျွန်တော်ခံယူတယ်။ အဲလိုဆို တရားရုံးကနေပဲ ပွင့်ပွင့်လင်းလင်း ပြောဆိုပြီးမှ အဖြေကိုရှာနေတယ်ဆိုတာက ဒါဟာ မြန်မာပြည်ရဲ့ တရားစီရင်ရေးမှာ ကောင်းတဲ့လက္ခဏာ တစ်ခု ဖြစ်လာတယ်ဆိုတာကို ခံယူတယ်။ အခုချိန်ထိတော့ ဒီကိစ္စကို ၉ရက်န့မှာပဲ ဘယ်လိုပုဒ်မနဲ့ ဘယ်လိုစွဲဆို မယ်ဆိုတာ သိရမယ်။ ဒီကြားထဲမှာလည်း ခေါင်းဆောင်ပိုင်းက ညှိနှိုင်းပြီးမှ ပြေလည်အောင် လုပ်နိုင်ဖို့လည်း မျှော်လင့်တယ်" ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။

ဇူလိုင်လ ၁ရရက်နေ့က အမေရိကန်ပြည်ထောင်စုသမ္မတနိုင်ငံ အိမ်ဖြူတော်၌ သမ္မတဒေါ်နယ်ထရမ့်က ဘာသာ ရေးအရ ဖိနှိပ်ခံရမှုများရှိနေသည့် အီရန်၊ အီရတ်၊ လစ်ဗျားနိုင်ငံတို့မှ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံ စဉ် ဒေါက်တာ ခလမ်ဆမ်ဆွန်သည်လည်း မြန်မာနိုင်ငံမှ ဘာသာရေးခေါင်းဆောင် ကိုယ်စားလှယ်တစ်ဦး အနေဖြင့် ပါဝင်တွေ့ဆုံခွင့် ရခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော့်ဘက်ကတော့ မြန်မာပြည်ကို မလိုလားမှု၊ မုန်းတီးမှု၊ ဆန့်ကျင်ဘက်ပုံစံမျိုးနဲ့ ကျွန်တော် ပြောခဲ့ခြင်း မဟုတ်ဘူး။ တရားမျှတပြီးမှ လွတ်လပ်မှုကို နိုင်ငံသူ၊ နိုင်ငံသားတိုင်းကို ရစေချင်တဲ့ စိတ်ဆန္ဒနဲ့ ကျွန်တော် ပြောခြင်းဖြစ်တယ်။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသားတွေမှာ ခံစားနေရတဲ့ ပဋိပက္ခကြားမှာ ကျွန်တော် တို့ မျှော်လင့်ချက် ပျောက်နေတဲ့အကြောင်း၊ မြန်မာပြည်က ပြည်သူလူထု အားလုံးကို တရားမျှတပြီး လွတ်လပ် တဲ့ ပြည်ထောင်စုကြီးကို ရရှိနိုင်ဖို့၊ ရောက်နိုင်ဖို့အတွက် ကျွန်တော့ဘက်က ပြောဆိုခဲ့ခြင်းဖြစ်တဲ့အတွက် ကျွန်တော်ကတော့ ကိုယ်ပြောခဲ့တာကို တာဝန်ယူဖို့ တာဝန်ခံဖို့ အဆင်သင့်ပါပဲ”ဟု  ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။

ဒေါက်တာ ခလမ်ဆမ်ဆွန်သည် အမေရိကန်သမ္မတဒေါ်နယ်ထရန့်နှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ခရစ်ယာန် များ အပေါ် တပ်မတော်က ရက်ရက်စက်စက် နှိပ်ကွပ်နေကြောင်း၊ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ရန် အခွင့်အရေးလည်း မရကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် တပ်များက တပ်မတော်ကို ခုခံတိုက်ခိုက် နေရကြောင်း ထို့ကြောင့် အမေရိကန် အစိုးရအနေဖြင့် လူနည်းစု တိုင်းရင်းသား ခေါင်းဆောင်များကို ဒီမိုကရေစီ၊ ဖက်ဒရယ်လစ်ဇင် အောင်မြင်ရေး အတွက် အကူအညီပေးရန် တောင်းဆိုခဲ့သည်။

ထို့အပြင် တပ်မတော်ထိပ်ပိုင်းတာဝန်ရှိသူများကို အမေရိကန် အစိုးရက ဒဏ်ခတ်ပိတ်ဆို့မှု ပြုလုပ်သည့် အပေါ်တွင်လည်း သိပ်ကိုကျေးဇူးတင်ကြောင်း ပြောခဲ့သည်ဟု သိရသည်။
အဆိုပါ တရားစွဲဆိုမှုအတွက် စက်တင်ဘာ ၉ ရက်နေ့တွင် မြစ်ကြီးနားတရားရုံး၌ စစ်ဆေးချက်အပေါ် အမိန့်တစ်ရပ်ချမှတ်ရန် ချိန်းဆိုထားကြောင်းလည်း သိရှိရသည်။

KBC ဥက္ကဋ္ဌကို တရားစွဲဆိုနိုင်ရန် တရားရုံး ဦးတိုက်လျှောက်ထားခြင်းနှင့် ပတ်သတ်၍ တပ်မတော်၏ သဘော ထားကို မေးမြန်းရန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ မဇ္စျိမမှ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly