တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌဟောင်းအမှု အာမခံ ပေး၊မပေး နောက်ရုံးချိန်းတွင် ဆုံးဖြတ်မည်

တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌဟောင်းအမှု အာမခံ ပေး၊မပေး နောက်ရုံးချိန်းတွင် ဆုံးဖြတ်မည်

ပုသိမ်၊ သြဂုတ် ၂၈ ။           ။ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်ခြင်း ပုဒ်မ ၄၀၉ ဖြင့် တရားစွဲခံထားရသူ တိုင်းလွှတ်တော်ဒုက္ကဋ္ဌဟောင်း ဦးစံမင်းအောင်အမှုကို အာမခံ ပေး၊ မပေးကို လာမည့် သြဂုတ် ၃၀ ရက်နေ့ ရုံးချိန်းတွင်ဆုံးဖြတ်မည်ဟု သိရသည်။

 “လျှောက်ထားတဲ့အပေါ်မှာ ၃၀ ရက်နေ့ကိုတော့ ပြန်ချိန်းလိုက်တယ်၊ သက်ဆိုင်ရာဆရာဝန် ခေါ်ယူ စစ်ဆေးပြီးမှသာလျှင် အာမခံ ပေးသင့်၊ မပေးသင့် ဆုံးဖြတ်မယ်ဆိုပြီး အမိန် ့ ချမှတ်လိုက်ပါတယ်။ သူတို့ တင်ပြတဲ့ဆေးစာတွေအပေါ်မှာ ဆေးစာကို ကျွမ်းကျွမ်းကျင်ကျင် ဖတ်နိုင်မဲ့၊ သူတို့ဘက်က တင်ပြတဲ့ ဆရာဝန်တစ်ယောက်ကို စစ်ဆေးပြီးမှသာလျှင် အာမခံ ပေးသင့်၊ မပေးသင့် ဆုံးဖြတ်မယ်လို့ အမိန့် ချမှတ်လိုက်ပါတယ်”ဟု ပုသိမ်မြို့နယ်တရားသူကြီး ဒေါ်ခင်မြတ်မြတ်ထွန်းက မီဒီယာများအား ပြောသည်။

ပုသိမ်မြို့နယ်တရားရုံးတွင် ဒုတိယဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်အား တိုင်းဒေသကြီးလွှတ်တော်က ဒုတိယညွန်ကြားရေးမှူးဦးဇော်မင်းထွန်းက ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြင့် တရားလိုပြုတရားစွဲထားခြင်းဖြစ်သည်။

“ဥပဒေဘက်က ကန့်ကွက်တာပေါ့၊အဓိက ကန့်ကွက်ရတဲ့အကြောင်းအရင်းက ဆေးစာနဲ့ ပတ်သက်ပြီးတော့ ဆရာဝန်ကို ခေါ်ယူစစ်ဆေးပြီးမှ အာမခံကိစ္စ စဉ်းစားသင့်တယ်လို ့ တင်ပြတာ၊တရားရုံးကလည်း ဆေးစာနဲ့ ပတ်သက်ပြီး ဆရာဝန်ကို ခေါ်ယူစစ်ဆေးပြီးတော့မှ အမိန့် ချပေးမယ်လို့ ဆရာဝန်ခေါ်ဖို့အတွက် ရုံးချိန်း ပေးလိုက်တာပေ့ါ”ဟု အမှုအတွက် ဦးစံမင်းအောင်ဘက်မှ လိုက်ပါဆောင်ရွက်သူတရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဦးက ပြောသည်။

ဦးစံမင်းအောင်သည် နှလုံးသွေးကြောကျဉ်းရောဂါ၊ အသည်းအဆီဖုံးရောဂါနှင့် လိပ်ခေါင်းရောဂါများဖြင့် ပုသိမ် ပြည်သူ့ဆေးရုံဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသဖြင့် ကျန်းမာရေးအာမခံ ရရှိရန် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီးကိုယ်စားလှယ်ဦးစံမင်းအောင်အား တရားစွဲထားသည့်အမှုအား မြို့နယ်တရားရုံးတွင် ရက်ပေါင်း ၂ရဝဖြင့် အမှုကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ်တရားရုံးမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစံမင်းအောင်အား တိုင်းလွှတ်တော်တွင် အသုံးပြုမည့်ကား ငါးစီး ဝယ်မှုနှင့်ပတ်သက်ပြီး ပုဒ်မ ၄၀၉ ဖြင့် တိုင်းဒေသကြီးလွှတ်တော်  ဒုတိယညွန်ကြားရေးမှူး ဦးဇော်မင်းထွန်းက တရားစွဲခြင်း ဖြစ်ပြီး သြဂုတ် ၂၂ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့သည်။

ရာဇသတ်ကြီး ပုဒ်မ ၄၀၉ သည် ပြည်သူ့ဝန်ထမ်းက ဖြစ်စေ၊ ဘဏ်တိုက်စိုးက ဖြစ်စေ၊ ကုန်သည်က ဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေးဖောက်ဖျက်မှုကို ကျူးလွန်ခြင်းကို စွဲဆိုခြင်း ဖြစ်ပြီး ထင်ရှားပါက တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးကို ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ် လည်း ချမှတ်နိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required