မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာအတွက် တပ်မတော်မှ ဒေါ်လာငါးထောင် ဂုဏ်ပြု

By ကရိုင်နူးရာ
28 August 2019
မြန်မာ့ကြက်တောင်မယ် သက်ထားသူဇာအတွက် တပ်မတော်မှ ဒေါ်လာငါးထောင် ဂုဏ်ပြု
 ဓာတ်ပုံ - THET HTAR Thuzar

ရန်ကုန်၊ သြဂုတ် ၂၈ ။         ။ မြန်မာ့ကြက်တောင်မယ်သက်ထားသူဇာအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းဦးစီးမှူးမှ ဒေါ်လာငါးထောင်ကို သြဂုတ် ၂၇ ရက်နေ့က မြန်မာ့ကြက်တောင်အဖွဲ့ချုပ်ရုံးခန်း၌ ဂုဏ်ပြုချီးမြှင့်ခဲ့သည်ဟု သိရသည်။

"ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးသန်းထူးဇော်က တပ်ကိုယ်စား ပေးအပ်ခဲ့တာပါ။ ကျွန်တော် ပြောနိုင် တာက တပ်ကတော့ မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်ရယ်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းရယ် ပေါင်းပြီး အားကစားသက်သာချောင်ချိရေးရန်ပုံငွေနဲ့ အားကစားတွေကို ထောက်ပံ့တာတွေ ရှိတယ်။ ဗိုလ်ချုပ်အောင် ဆန်းဒိုင်း ဘောလုံးပြိုင်ပွဲကိုလည်း လုပ်ပေးနေတာ ရှိတယ်။ ပြီးတော့ မြန်မာ့ရိုးရာလက်ဝှေ့ကို နိုင်ငံတကာ အဆင့် ယှဉ်ပြိုင်နိုင်ရေးအတွက်လည်း ဦးဆောင်လုပ်ပေးနေတာတွေ ရှိတယ်။ ကာယဗလနဲ့ ကာယအလှမယ် အတွက်လည်း လုပ်ပေးနေတာ ရှိတယ်။ အဲ့လို အားကစားထောက်ပံ့မှုတွေတော့ ရှိပါတယ်။ လှူဒါန်းတဲ့ အချက် အလက်အတိအကျတော့ မသိရသေးဘူး။ ဒါပေမယ့် ဒေါ်လာငါးထောင် လှူတယ်လို့တော့ သိရတယ်" ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးမှ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

သက်ထားသူဇာသည် ဒိန်းမတ်နိုင်ငံတွင် နှစ်လတာ လေ့ကျင့်မှုများ ပြုလုပ်နေပြီး ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင် နေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် ကမ္ဘာ့အဆင့် ၇၀ တွင်ရှိပြီး အိုလံပစ်အဆင့်တွင်၂၇ မှာ ရှိနေသည်။

ထို့ပြင် သက်ထားသူဇာသည် လာမည့် စက်တင်ဘာ ၁၀ ရက်မှ ၁၅ ရက်ထိ ကမ္ဘာ့ကြက်တောင်အဖွဲ့အစည်းမှ ကြီးမှူးကျင်းပပြီး မြန်မာနိုင်ငံက လက်ခံကျင်းပမည့် အင်တာနေရှင်နယ် စီးရီးပြိုင်ပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စက်တင်ဘာ ၆ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လာမည်ဟု သိရသည်။

သက်ထားသူဇာသည် လက်ရှိတွင် နိုင်ငံတကာပြိုင်ပွဲပေါင်း ကိုးပွဲ ကစားထားပြီး ရွှေတံဆိပ် ခြောက်ဆု၊ ငွေတံဆိပ် နှစ်ခု ရရှိထားသည်ဟု သိရကာ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်နိုင်ရေးအတွက် ဆက်လက် ကြိုးစားနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly