အလက်ဆစ် ဆန်းချက်ဇ် အင်တာမီလန်ကို အငှားနဲ့ ရောက်တော့မှာလား

အလက်ဆစ် ဆန်းချက်ဇ် အင်တာမီလန်ကို အငှားနဲ့ ရောက်တော့မှာလား
Photo: EPA

အင်တာမီလန်အသင်းဟာ မန်ချက်စတာယူနိုက်တက်မှ တိုက်စစ်ကစားသမား အလက်ဆစ် ဆန်းချက်ဇ်ကို အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ BBC Sports က ဖော်ပြထားပါတယ်။

အင်တာနည်းပြ ကွန်တီဟာ တနင်္လာနေ့ ဥရောပအပြောင်းအရွှေ့စျေးကွက် မပိတ်သိမ်းခင် ဆန်းချက်ဇ်ကို အရခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။

အပြောင်းအရွှေ့သာဖြစ်ပေါ်လာမယ်ဆိုရင် ဆန်းချက်ဇ်ဟာ ယခုနွေရာသီက အင်တာကို ပေါင် (၇၄)သန်း ပြောင်းရွှေ့ခဲ့တဲ့ ယူနိုက်တက် အသင်းဖော်ဟောင်း လူကာကူနဲ့ ပြန်လည် ပူးပေါင်းသွားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်တာဟာ အငှားစာချုပ်ကုန်ဆုံးချိန်မှာ ဆန်းချက်ဇ်ကို အပြီးသတ်ဝယ်ယူနိုင်ခွင့်အတွက် သဘောတူညီမှု မရရှိသေးပါဘူး။

ယူနိုက်တက်ရဲ့ လစာအမြင့်ဆုံးရ ကစားသမားဖြစ်သူ ဆန်းချက်ဇ်ကို အင်တာအသင်းက လာမယ့် နွေရာသီမှာ အပြီးသတ်စာချုပ် ခေါ်ယူဖို့ ဆုံးဖြတ်မယ်ဆိုရင်တောင် တစ်ပတ်လုပ်ခ ပေါင် (၁၅၀,၀၀၀)ထက် ပိုမပေးဘဲ ယူနိုက်တက်ကို ကမ်းလှမ်းသွားဖို့ပဲ ရှိပါတယ်။

ဒါပေမယ့် ယူနိုက်တက်ကတော့ ဒီထက် ပိုလိုချင်နေပါတယ်။

ဆန်းချက်ဇ်ဟာ ၂၀၁၈၊ ဇန်နဝါရီလက အီးမရိတ်စ်ကနေ ထွက်ခွာသွားပြီးနောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ (၁၉)လကြာ ဆိုးရွားတဲ့ အခြေအနေရှိခဲ့ပြီး (၄၅)ပွဲကစားရာမှာ (၅)ဂိုးသာ သွင်းယူခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly