နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ရေးအတွက် အမေရိကန် ကုမ္ပဏီ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာ

နေရောင်ခြည်စွမ်းအင် ထုတ်လုပ်ရေးအတွက် အမေရိကန် ကုမ္ပဏီ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာ

ရန်ကုန်၊ အောက်တိုဘာ ၁၄  ။          ။ မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်စီမံကိန်းတစ်ခုအတွက် ဒီဇိုင်းနှင့် အကြံပေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် Green Earth Power (Thailand) က အမေရိကန် အင်ဂျင်နီယာကုမ္ပဏီ Black & Veatch ငှားရမ်းခန့်အပ်လိုက်သည်။ ကုမ္ပဏီက နိုင်ငံတွင် ရုံးတစ်ခုဖွင့်ပြီးနောက် ပထမဆုံးလုပ်ကိုင်မည့်လုပ်ငန်းဖြစ်သည်။

ကန်ထရိုက်မှာ အမေရိကန်ကုမ္ပဏီအနေဖြင့် မြန်မာသို့ ပြန်လာသည့်အထိမ်းအမှတ်ဖြစ်သည်။ ကုမ္ပဏီအနေဖြင့် မြန်မာတွင် လုပ်ကိုင်ဆောင်ရွက်ဖူးသည့် သမိုင်းရှိကာ ၁၉၁၂ခုနှစ်က   ရေလေ့လာမှု တစ်ခုပြုလုပ်ခဲ့ပြီး ၁၉၃၅ခုနှစ်နှင့် ၁၉၄၁ခုနှစ်ကြား ဂျိုးဖြူရေလှောင်တမံအပါအဝင် Rangoon Pegu Yomas Water Scheme ကဲ့သို့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

မကွေးတိုင်းဒေသကြီးအတွင်း တည်ရှိသည့် Green Earth Power ၏စီမံကိန်းက လျပ်စစ်ဓါတ်အား ၂၂၀မီဂါဝပ်အထိ ထုတ်လုပ်ပေးမည်ဖြစ်သည်။ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၆ခုနှစ်၏ ပထမသုံးလပတ်အတွင်း စတင်ရန် စီစဉ်ထားသည်။

"စက်ရုံက လက်ရှိ မီဂါဝပ် ၂,၅၀၀ကနေ ၂၀၃၀ပြည့်နှစ်မှာ မီဂါဝပ် ၃၀,၀၀၀အထိ လျပ်စစ်ဓါတ်အားထုတ်လုပ်မှုကို တိုးမြင့်ချင်တဲ့ မြန်မာအစိုးရရဲ့ ရည်ရွယ်ချက်ကို ပံံ့ပိုးပေးမှာဖြစ်ပါတယ်။   ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေ၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ ကျွန်တော်တို့ရဲ့ထဲထဲဝင်ဝင်အတွေ့အကြုံတွေကို အရင်းတည်ပြီး ရည်မှန်းချက်ကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ဘက်က အခိုင်အမာရှိပါတယ်"ဟု မြန်မာနိုင်ငံရှိ Black & Veatch ၏လုပ်ငန်းအတွက် အထွေထွေမန်နေဂျာအဖြစ် မကြာသေးခင်က ခန့်အပ်ခံရသည့် ပီတက်ဝန်ဝါရန်ကွန်းက ပြောသည်။

အမေရိကန် အင်ဂျင်နီယာ၊ အတိုင်ပင်ခံနှင့် တည်ဆောက်ရေးကုမ္ပဏီသည် နိုင်ငံရှိလုပ်ငန်းများကို ညိနှိုင်းဆောင်ရွက်ရန်နှင့် ဖောက်သည်များနှင့် ပိုမိုနီးကပ်စွာရှိရန် ရန်ကုန်တွင် မကြာသေးမီက ရုံးတစ်ရုံးဖွင့်လှစ်ခဲ့သည်။

ယင်းကုမ္ပဏီသည် ၁၉၆၀ပြည့်လွန်နှစ်များကတည်းက ထိုင်းနိုင်ငံတွင် ရှိနေသည်။ ဘန်ကောက်တွင် ဝန်ထမ်း ၂၀၀ ရှိ ၎င်းတို့၏ ရုံးသည် ထိုင်းနှင့် အခြားအာရှနိုင်ငံများ၏ မြင့်မားလာသော စွမ်းအင်လိုအပ်ချက်ကို ကူညီဖြည့်ဆည်းရာတွင် အရေးပါသော ကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု ကုမ္ပဏီက ပြောသည်။

"လျပ်စစ်ဓါတ်အားက မြန်မာနိုင်ငံမှာ အဆောတလျင်ဦးစားပေးကိစ္စတစ်ခုပါ။ စီးပွားရေးနဲ့ လူမှုရေးတိုးတက်မှုအပေါ်မှာ လေးနက်တဲ့ သက်ရောက်မှုတွေရှိပါတယ်"ဟု Black & Veatch မှ နိုင်ငံတကာပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဒါရိုက်တာ ရစ်အိုကွန်နဲလ်က ပြောသည်။ " နေရောင်ခြည်စွမ်းအင်သုံးစက်ရုံတွေကို မြန်မြန်ဆန်ဆန်တည်ဆောက်နိုင်တဲ့အတွက် ပင်မဓါတ်အားလိုင်းထဲကို စွမ်းအင်ဖြည့်ဆည်းဖို့ အကောင်းဆုံးရွေးချယ်စရာတစ်ခုပါ။ နောက်ပြီး ဘဝအရည်အသွေးအပေါ်မှာလည်း ကောင်းမွန်တဲ့သက်ရောက်မှုတွေရှိတာ သေချာပါတယ်" ဟု၎င်းကဆိုသည်။

ကမ္ဘာ့ဘဏ်၏ အစီအရင်ခံစာတစ်ခုအရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်ယူသုံးစွဲရေး အာရှ၏လုပ်ဆောင်ချက်မှာ အားကောင်းလျက်ရှိသည်။ ၂၀၁၀ပြည့်နှစ်မှ ၂၀၁၂အတွင်း ကမ္ဘာလုံးဆိုင်ရာယင်းစွမ်းအင်သုံးစွဲမှုမှာ နှစ်စဉ် ၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ အာရှတွင်မူ ၈ ရာခိုင်နှုန်းနီးပါး အထိတိုးတက်လျက်ရှိသည်ဟု သိရသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ နေရောင်ခြည်စွမ်းအင်စက်ရုံအကြီးဆုံးတည်ရှိသည့် နိုင်ငံဖြစ်လာမည်ဟု Black & Veatch ကုမ္ပဏီက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly