ကျမ်းသစ္စာဆိုရာမှာ ဖွဲ့စည်းပုံကို ထိန်းသိမ်းစောင့်ရှောက်မည်ဆိုတဲ့ စာသားကို မရွတ်ဆိုခဲ့တာကြောင့် ထိုင်းအစိုးရအဖွဲ့ ထပ်မံ ကျမ်းသစ္စာဆို

ကျမ်းသစ္စာဆိုရာမှာ ဖွဲ့စည်းပုံကို ထိန်းသိမ်းစောင့်ရှောက်မည်ဆိုတဲ့ စာသားကို မရွတ်ဆိုခဲ့တာကြောင့် ထိုင်းအစိုးရအဖွဲ့ ထပ်မံ ကျမ်းသစ္စာဆို

ဘန်ကောက်၊ သြဂုတ် ၂၇ ။       ။ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဦးဆောင်တဲ့ ထိုင်းအစိုးရအဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက အစိုးရအဖြစ် ကျမ်းသစ္စာဆိုရာမှာ စာသားအချို့ မရွတ်ဆိုခဲ့တာကြောင့် ဒီကနေ သြဂုတ် ၂၇ ရက်မှာ ဒုတိယအကြိမ် ပြန်လည်ကျမ်းသစ္စာဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်က ဘန်ကောက်မှာ ဘုရင် မဟာဝါဇီရလောင်ကွန်းရဲ့ ရှေ့မှောက် ဝန်ကြီးချုပ်နဲ့ ကက်ဘိနက်အဖွဲ့ဝင် ဝန်ကြီး ၃၅ ဦးတို့ ကျမ်းသစ္စာဆိုကြရာမှာ ဖွဲ့စည်းပုံကို ထိန်းသိမ်းစောင့်ရှောက်လိုက်နာပါမယ်ဆိုတဲ့ နောက်ဆုံး ကျမ်းသစ္စာစာကြောင်းတွေကို ချန်လှပ်ပြီး မရွတ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ခုလိုမျိုး ချန်အိုချာအစိုးရအဖွဲ့က ကျမ်းသစ္စာ အပြည့်အစုံ မရွတ်ဆိုခဲ့ခြင်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း ပြည်သူ့ဟစ်တိုင်ရုံးက ဒီကနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။

“ဖွဲ့စည်းပုံဥပဒေအရ လိုက်နာဆောင်ရွက်ရမှာဖြစ်တဲ့ ကျမ်းသစ္စာ အပြည့်အစုံကို ဝန်ကြီးချုပ်ဟာ မရွတ်ဆိုခဲ့ဘူး။ ဒါကြောင့် ကျမ်းသစ္စာဟာ မပြည့်မြောက်ဘူး။”လို့ ဟစ်တိုင်ရုံးရဲ့ အတွင်းရေးမှူးချုပ် ရက်ဆာဂျီချာချယ်ချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။

အာဏာသိမ်း စစ်အစိုးရခေါင်းဆောင်အဖြစ်ကနေ ဝန်ကြီးချုပ်အဖြစ် အသွင်ပြောင်း အာဏာရထားတဲ့ ပရာယွတ်ဟာ ၎င်း စစ်ဦးစီးချုပ်ဖြစ်ချိန် ရွေးကောက်ခံအစိုးရထံမှ ၂၀၁၄ အာဏာသိမ်းခဲ့ချိန်မှာ အရင် ဖွဲ့စည်းပုံကို ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ပရာယွတ်ရဲ့ မေတ္တာရပ်ခံချက်နဲ့ ရေးဆွဲထားတာဖြစ်ပြီး နိုင်ငံရေးမှာ စစ်တပ် ပါဝင်မှုကို ခွင့်ပြုပေးထားတဲ့ ဖွဲ့စည်းပုံဖြစ်ပြီး ဒီမိုကရေစီ လိုလားတဲ့ တက်ကြွလှုပ်ရှားသူတွေအတွက် စိတ်ပျက်စရာပဲ ဖြစ်ပါတယ်။

ခုလို ကျမ်းသစ္စာဆိုရာမှာ ပရာယွတ်နဲ့ ဝန်ကြီးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်မည်ဆိုတဲ့ ကျမ်းစာသားကို မရွတ်ဆိုခဲ့တာကြောင့် ဖွဲ့စညး်ပုံအရ အုပ်ချုပ်ရေး အလားအလာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ မြင့်တက်စေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly