ထားဝယ်အထူးစီးပွားရေးဇုန် အဝေးပြေးလမ်းမကြီးနှင့်ပတ်သက်ပြီး အကြံပြုချက် ခုနစ်ချက် တင်ပြခဲ့

By ကရိုင်နူးရာ
27 August 2019
ထားဝယ်အထူးစီးပွားရေးဇုန် အဝေးပြေးလမ်းမကြီးနှင့်ပတ်သက်ပြီး အကြံပြုချက် ခုနစ်ချက် တင်ပြခဲ့
ဓာတ်ပုံ- AFP PHOTO/SOE THAN WIN

ရန်ကုန်၊ သြဂုတ် ၂၇ ။           ။ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွင်း ထားဝယ် - ဖူနန်ရွန် အဝေးပြေးလမ်းမကြီး ဖောက်လုပ်မှုနှင့် ပတ်သက်၍ မြန်မာဖက်ဒေသခံများမှ အကြံပြုချက် ခုနစ်ချက်ကို ထိုင်းနိုင်ငံတွင် တင်ပြခဲ့ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများစီးပွားဖွံ့ဖြိုးရေးပူးပေါင်းအေဂျင်စီ၊ ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ ထိုင်းနိုင်ငံ တရားမျှှတရေးအဖွဲ့အစည်းတို့နှင့် မြန်မာဒေသခံ ရွာ ရှစ်ရွာမှ ရပ်ရွာလူထုတို့ သြဂုတ် ၂၂ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ 

ထားဝယ်အထူးစီးပွားရေးဇုန်မှ ထိုင်းနိုင်ငံနယ်စပ် ဖူနမ်ရွန်အထိ ၁၃၈ ကီလိုမီတာ ရှည်လျားသည့် အဝေးပြေး လမ်းမကြီး တည်ဆောက်နေသည့်အပေါ် ဒေသခံများ ထိခိုက်နစ်နာမှုများ ရှိနေသည်ဟု မြန်မာဖက်မှ ဆိုသည်။ 

“ တောင်းဆိုချက် တော်တော်များများဟာ မြန်မာအစိုးရရော ထိုင်းအစိုးရရော သက်ဆိုင်တာဖြစ်တယ်။ ဒါပေမယ့် မြန်မာအစိုးရနဲ့ အများကြီး ပိုသက်ဆိုင်တယ်။ လျော်ကြေးလိုကိစ္စမျိုးဆိုရင် လျော်ကြေးတွက်ချက်တာ သည် မြန်မာအစိုးရ လုပ်နိုင်တဲ့ Legal Frame Work ထဲမှာပဲ ရှိတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လိုမျိုး၊ ဒေသခံပြည်သူရဲ့ အသံနားထောင်တာမျိုးဆိုတာ မြန်မာအစိုးရနဲ့ ပိုသက်ဆိုင်တယ်။ ထိုင်းနိုင်ငံ တွေ့ဆုံမှုမှာ အားလုံးတော့ မျှော်လင့်ထားလို့ မရဘူး။ အဆုံးစွန်ဆုံး ဆုံးဖြတ်ချက်တွေကို ချတဲ့သူဟာ မြန်မာအစိုးရပဲ ဖြစ်တာဖြစ်တဲ့အတွက် ဒီတွေ့ဆုံမှုကနေ မြန်မာအစိုးရဘက်ကို ဘယ်လောက်ထိ တိုက်တိုက် တွန်းတွန်း လုပ်နိုင်မလဲ။ မြန်မာအစိုးရဘက်ကလည်း ဘယ်လောက်ထိ လိုက်နာမလဲဆိုတာက စောင့်ကြည့်ရဦးမှာပါ” ဟု ဒေသခံများနှင့်အတူ ထိုင်းနိုင်ငံတွေ့ဆုံပွဲကို သွားရောက်ခဲ့သည့် Earth Rights International အဖွဲ့အစည်းမှ ကိုဘိုဘိုက ပြောသည်။  

ယင်း နှစ်လမ်းသွားစီမံကိန်းလမ်းတစ်လျှောက်တွင် ရွာ ၁၂ ရွာ တည်ရှိပြီး မြန်မာအစိုးရနှင့်ကရင်အမျိုးသား အစည်းအရုံး KNU တို့ အပစ်အခတ်ရပ်စဲထားသည့်ဒေသ ဖြစ်သည်။

“ ငြိမ်းချမ်းရေးက လိုချင်တဲ့ ပန်းတိုင်မရောက်ဘဲ နောက်ပြန်သွားမယ်ဆိုရင် ဒီ စီးပွားရေးကြောင့် ဖြစ်လာနိုင်သလို ငြိမ်းချမ်းရေးကြောင့်လည်း စီးပွားရေး ပျက်သွားနိုင်တာကိုလည်း စိုးရိမ်တယ်။ အဲဒီလို ဖြစ်လာရင် ကျွန်တော်တို့ ဌာနေတိုင်းရင်းသားတွေက ပိုပြီး ခံစားရမယ်။ ဒါလေးတွေကိုလည်း ထည့်သွင်း စဉ်းစားပေးစေချင် တယ်။ ကောင်းမွန်တဲ့စီမံကိန်းတစ်ခု ဖြစ်ဖို့နဲ့ နိုင်ငံသားတွေ၊ ပြည်သူလူထုတွေအတွက် ကောင်းကျိုးဖြစ်မဲ့စီမံကိန်း ဖြစ်ရင် ရင်းနှီးမြုပ်နှံမယ့်သူဘက်ကရော၊ တာဝန်ယူတဲ့ အစိုးရဘက်ကရော ပွင့်လင်းမြင်သာတဲ့ သတင်းအချက်အလက်တွေကို ပြည်သူထူထုကို ချပြစေချင်တယ်။ ဆုံးဖြတ်ချက်ချတဲ့ နေရာမှာလည်း ဌာနေ တိုင်းရင်းသားတွေရဲ့ ဆုံးဖြတ်ချက်ကိုလည်း ထည့်သွင်းစဉ်းစားစေချင်တယ်” ဟု သပြုချောင်းကျေးရွာတွင် နေထိုင်သူ စောကဲဒိုက ပြောသည်။ 

ထားဝယ်အထူးစီးပွားရေးဇုန် ထားဝယ် - ဖူနန်ရွန် အဝေးပြေး လမ်းမကြီးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံကို သွားရောက်ခဲ့သူများက သြဂုတ် ၂၇ ရက်နေ့က ရန်ကုန်မြို့တွင် မီဒီယာတွေ့ဆုံပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံပြည်သူတွေအနေဖြင့် လာမည့် သြဂုတ် ၂၉ ရက်နေ့တွင် နှစ်လမ်းသွား အဆင့်မြင့်စီမံကိန်းနှင့် ပတ်သက်၍ လူထုတွေ့ဆုံပွဲတွင် မြန်မာအစိုးရအဖွဲ့အစည်းနှင့် တွေ့ဆုံသွားဖို့ ရှိနေသည်ဟု သိရသည်။  

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အီတာလျံထိုင်းကုမ္ပဏီတို့ ၂၀၀၈ ခုနှစ် ၊ ဇွန်လက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၁၀ နှောင်းပိုင်းမှစ၍ မြေပြင်တည်ဆောက်ရေး လုပ်ငန်းတွေ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ယင်းမှ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ထိုင်းနှင့်မြန်မာအစိုးရတို့ ပူးတွဲအကောင်အထည်ဖော်သောစီမံကိန်း အဖြစ်သို့ ပြောင်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံကလည်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းတွင် အကောင်အထည်ဖော်မည့် Special Purpose Vehicle တွင် ပါဝင်လာခဲ့သည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် အိမ်နီးချင်းနိုင်ငံများစီးပွားဖွ့ံဖြိုးတိုးတက်ရေးကူညီပေးရေး အေဂျင်စီမှ ထိုင်းဘတ်ငွေ ၄.၅ ဘီလီယံ ချေးယူခဲ့ပြီး ကွင်းဆင်းလေ့လာမှုကို ၂၀၁၉ စက်တင်ဘာလမှာ အပြီးသတ်မည်ဟု သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly