လောင်စာဆီစျေးနှုန်းမြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွခြင်းဖြစ်သည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌပြော

လောင်စာဆီစျေးနှုန်းမြင့်တက်မှုကြောင့် ငွေကြေးဖောင်းပွခြင်းဖြစ်သည်ဟု ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌပြော
ဓာတ်ပုံ - EPA

နေပြည်တော်၊  သြဂုတ်လ ၂၆ ။           ။ ငွေကြေးဖောင်းပွမှု အတန်အသင့် မြင့်မားနေရခြင်းသည် ငွေကြေးပမာဏ တိုးတက်မှုနှုန်းနှင့် ချေးငွေတိုးတက်မှု နှုန်းများ လွန်စွာ မြင့်မားနေခြင်းကြောင့်မဟုတ်ဘဲ လောင်စာဆီစျေးနှုန်းမြင့်မားနေခြင်းကြောင့် ဖြစ်သည်ဟု ဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်းပြောသည်။

“လောင်စာဆီစျေးနှုန်းမကြာခဏ ပြောင်းလဲခြင်း ၊ ယင်းနဲ့ ဆက်စပ်ပြီး ကုန်စည်သယ်ယူပို့ဆောင်  စရိတ် မြင့်မားခြင်း၊ ငွေလဲလှယ်နှုန်းလက်ရှိအခြေအနေမှာ တည်ငြိမ်အောင် ဆောင်ရွက်နိုင်ပေမယ်လို့ လွန်ခဲ့တဲ့ ခြောက်လ၊ ရှစ်လလောက်တုန်းက အတက်အကျ ကြမ်းနေခြင်းတွေက ဒီ ငွေကြေး ဖောင်းပွမှုနှုန်းကို အတန်အသင့်မြင့် မားစေတဲ့တွန်းအားများဖြစ်ပါတယ်” ဟု ဦးစိုးသိန်းကပြောသည်။

သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ဒက္ခိဏသီရိမြို့နယ်မှ  ဦးသန့်ဇင်ထွန်းမေးမြန်းခဲ့သည့့်  ပြည်တွင်းလုပ်ငန်းများတွင် နိုင်ငံခြားသားပိုင်ဘဏ်များအား အသုံးပြုခွင့်ကို မည်ကဲ့သို့ထိန်းချုပ်ထားသလဲနှင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်မားမှုမရှိစေရန် ပုဂ္ဂလိက ကဏ္ဍတွင် ငွေရေး ကြေးရေး အဖွဲ့အစည်း ရင်းနှီးမြှပ်နှံမှုများတိုးချဲ့ခွင့်ပြုရန် မည်ကဲ့သို့ ဆောင်ရွက်ထားပါသနည်း ဆိုသည့် မေးခွန်းအပေါ် ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အစိုးရသက်သေခံလက်မှတ်များ ဖွ့ံဖြိုးတိုးတက်ရေးသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ငွေချေးယူရသည့် အစိတ်အပိုင်းလျှှော့ချရေးတွင်များစွာအရေးကြီးသဖြင့် အဆိုပါ လက်မှတ်များ ပြန်လည်ရောင်းချသည့်စျေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုဘဏ်သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ စျေးကွက်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို တွန်းအားပေးဆောင်ရွက်နေကြောင်းသိရသည်။

“နောင်အနာဂတ်မှာ ငွေကြေးစျေးကွက်နဲ့ အစိုးရ ငွေချေးသက်သေခံလက်မှတ်များ တဆင့် ပြန်လည်ရောင်းချ တဲ့စျေးကွက်များ ဖွံ့ဖြိုးလာပါက စျေးကွက်အခြေခံ ငွေကြေးမူဝါဒ နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုပြီး စီးပွားရေးစနစ်အတွင်းငွေကြေးပမာဏကို လိုသလို ထိန်းညှိသွားမည်ဖြစ်သည့် အတွက် ငွေကြေးဖောင်းပွမှုကိုပိုမိုထိရောက်စွာ ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်”ဟု ပြောသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ခြောက်ရာခိုင်နှုန်းကျော်၊ နှစ်အလိုက် ဖောင်းပွမှုနှုန်း သည် ခုနစ်ရာခိုင်နှုန်း၊  ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ပျမ်းမျှဖောင်းပွမှုနှုန်းသည် လေးရာခိုင်နှုန်းကျော်၊ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းမှာ ငါးရာခိုင်နှုန်းကျော်ရှိကြောင်း သိရသည်။

၂၀၁၈-၁၉ ဘဏ္ဍာနှစ် ၂၀၁၉ခုနှစ် ဇွန်လတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ရှစ်ရာခိုင်နှုန်းကျော်၊ နှစ်အလိုက် ငွေကြေးဖောင်းပွမှုနှုန်းသည်  ကိုးရာခိုင်နှုန်းကျော်ဖြင့် အမြင့်ဆုံးဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly