ရနောင်းဌာနီ စာသင်ကျောင်းမှ ဆရာ၊ဆရာမများ ထိန်းသိမ်းခံရပြီး ကျောင်းကိုပိတ်ထားရ

ရနောင်းဌာနီ စာသင်ကျောင်းမှ ဆရာ၊ဆရာမများ ထိန်းသိမ်းခံရပြီး ကျောင်းကိုပိတ်ထားရ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

ကော့သောင်း၊ သြဂုတ် (၂၇) ။        ။ ထိုင်းနိုင်ငံ၊ရနောင်းခရိုင်၊ ရနောင်းမြို့တွင် ဖွင့်လှစ်ထားသည့် ရနောင်းဌာနီ စာသင်ကျောင်းမှဆရာ၊ ဆရာမများ ကို ထိုင်းအာဏာပိုင်းများက ခေါ်ယူစစ်ဆေးပြီးနောက် လက်ရှိတွင် စာသင်ကျောင်းအား ဆက်လက် ပိတ်ထား ရကြောင်း သိရသည်။

အဆိုပါ ရနောင်းဌာနီ စာသင်ကျောင်းတွင် ဆရာ၊ဆရာမ ၅၀ ဦးနှင့် ကျောင်းသူကျောင်းသား ၁၀၀၀ ကျော် ပညာသင်ကြားနေပြီး သြဂုတ်လ ၂၄ ရက်နေ့၌ ထိုင်းရဲများနှင့် ထိုင်းစစ်တပ်တို့က ဆရာ၊ဆရာမ ၅၀ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း စာသင်ကျောင်းမှ ဆရာတော် ဦးကောသလ္လက မိန့်ကြားသည်။

“လောလောဆယ်ကတော့ သူတို့ ထိန်းသိမ်းခဲ့တဲ့ဆရာ၊ဆရာမတွေ မနေ့က ကော့သောင်းဘက်ခြမ်းကို ပြန်ပို့ လိုက်ပါပြီ။ အဓိကတော့ စာရွက် စာတမ်းနဲ့ ဝေါ့ပါမစ်တွေ မရှိလို့ လာရောက် စစ်ဆေးတာ ဖြစ်ပါတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

ထိန်းသိမ်းခံရသော ဆရာ၊ဆရာမများသည်၊ ရွှေ့ပြောင်းမြန်မာ အလုပ်သမား၊ ကလေးငယ်များကို ဘော်ဒါပတ်စ် စာအုပ်ကိုင်ဆောင်ကာ ပညာသွားရောက်သင်ကြားပေးနေခြင်းဖြစ်ပြီး တရားဝင်လျှောက်ထားလုပ်ကိုင် နိုင်စေ ရန် အတွက် ထိုင်းအစိုးရမှ ဝင်ရောက်စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

“ဦးဇင်တို့ကတော့ ပြန်သွားတဲ့ ဆရာ၊ဆရာမတွေကို ပြန်လာနိုင်အောင်လို့ စာရွက်၊ စာတမ်း ပြည့်စုံအောင် ကြိုးစားနေပါတယ်၊ လက်ရှိကတော့ သူတို့တွေ မရှိတော့ကျောင်းသား ၁၀၀၀ ကျော်ကို ဆက်လက် ပညာ သင်ကြားနိုင်ဖို့ အခက်အခဲ ဖြစ်နေတာကြောင့် ကျောင်းကို ယာယီ ခေတ္တ ပိတ်ထား ရတယ်”လို့ ဆရာတော် ဦးကောသလ္လက မိန့်ကြားသည်။

လက်ရှိတွင် အဆိုပါကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် မြန်မာသံရုံးမှ ဥပဒေပညာရှင် ကိုယ်စားလှယ် ၊ အလုပ်သမားသံအရာရှိ (ရနောင်း) နှင့် တာဝန်ရှိသူများက ထိုင်းအစိုးရနှင့် ညှိနှိုင်းဆွေးနွေးနေကြောင်း သိရ သည်။

“မနေ့ ညနေပိုင်းက ထိန်းသိမ်းခံထားရတဲ့ ဆရာ/ ဆရာမ ၃၂ ဦးကို ပြန်လည်လွှဲပြောင်းပေး လိုက်ပါပြီ။ ကျန်တဲ့သူတွေကတော့တရားဝင် ဖြစ်နေလို့ ကျောင်းကို ပြန်ပို့ လိုက်ပြီလို့ သိရပါတယ်။ကော့သောင်းကို ရောက်လာတဲ့သူတွေကတော့ဝေါ့ပါမစ်တရားဝင် လျှောက်ထားပြီး၊ မြန်မာနိုင်ငံပညာရေးဌာနမှ ထောက်ခံချက် ရရှိမှ ပြန်လည်သွားရောက် လုပ်ကိုင်နိုင်မှာဖြစ်တယ်”ဟု ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထွန်းက ပြောသည်။

ထိန်းသိမ်းခံခဲ့ရသော ဆရာ၊ ဆရာမ ၃၂ ဦးကို ထိုင်းအာဏပိုင်များက ဒဏ်ကြေးပေးဆောင်စေကာ သြဂုတ်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် ကော့သောင်းမြို့သို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required