ဖမ်းဆီးစစ်ဆေးခံနေရသည့် ရှမ်းလူငယ်နှစ်ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို

By ကရိုင်နူးရာ
27 August 2019
ဖမ်းဆီးစစ်ဆေးခံနေရသည့် ရှမ်းလူငယ်နှစ်ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို

ရန်ကုန်၊ သြဂုတ် ၂၇ ။                 ။ ပြင်ဦးလွင် တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးနေသော ရှမ်းလူငယ်နှစ်ဦးအား အမြန်ဆုံး ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်မှ တောင်းဆိုလိုက်သည်။

သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင်မြို့နယ်အတွင်း တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ပြင်ဦးလွင်မြို့ ဖောင်းတောကျေးရွာတွင် နေထိုင်သည့် စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင်တို့ ညီအစ်ကိုနှစ်ဦးအား ပြင်ဦးလွင်ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည့်အပေါ် သြဂုတ် ၂၆ ရက်နေ့က မြန်မာနိုင်ငံလုံးဆိုင်ရာရှမ်းလူငယ်ကွန်ရက်မှ ချွင်းချက်မရှိ ပြန်လွှတ်ရန် သဘောထားတစ်ရပ် ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံ- Free Leng Zuen & Hkun Mong

"အခုကတော့ သူတို့ကို ပြင်ဦးလွင်ရဲစခန်းမှာပဲ ရမန်ယူပြီး ခေါ်ထားတုန်းပါ။ စစ်ဆေးမေးမြန်းစရာရှိလို့ ခေါ်ထားဆဲ ဖြစ်တယ်။ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာတော့ မပြောတတ်သေးဘူး။ သူတို့နှစ်ယောက်ဆီကိုတော့ ကျွန်တော်တို့ကော်မတီဘက်က တိုက်ရိုက်တော့ သွားမတွေ့ရသေးဘူး။ ဒါပေမယ့် သူတို့မိဘတွေနဲ့ တွေ့ဆုံတယ်။ သူတို့ကို ကောင်းကောင်းမွန်မွန်ပဲ မေးမြန်းကြတယ်လို့ ပြောတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူတို့နှစ်ယောက်နဲ့ ပတ်သက်တဲ့အမှန်တရားကို ပြည်သူတွေကြား သိစေချင်တယ်။ နောက်တစ်ခုက သူတို့ဘက်က စက်တင်ဘာ ၂ရက်နေ့အထိ ရမန်ရထားတော့ မေးမြန်းစရာရှိတာ မေးမြန်းပြီးရင်တော့ ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးမယ်လို့ ယုံကြည်တယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းဆုက ပြောသည်။

သြဂုတ် ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့( TNLA၊ AA၊ MNDAA ) တို့မှ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြိုသို့ အထွက် ပြင်ဦးလွင် တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့ အထွက် နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်တစ်ခုတို့ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ထို့နောက် သြဂုတ် ၁၇ ရက်နေ့၊ ည ၁၀ နာရီခန့်တွင် ရဲတပ်ဖွဲ့မှ စိုင်းခွန်မိုင်းနှင့် စိုင်းလိုင်းစင်တို့ နေအိမ်သို့ ရောက်ရှိလာပြီး အိမ်အဆောက်အအုံနှင့် ခြံဝင်းအတွင်း ရှာဖွေကာ မသင်္ကာစရာပစ္စည်းတွေ့သည်ဟုဆိုကာ စိုင်းခွန်မိုင်းအား ခေါ်ဆောင်သွားခဲ့ပြီး စိုင်းခွန်မိုင်း၏ ညီဖြစ်သူ စိုင်းလိုင်းစင်အား သြဂုတ် ၁၉ ရက်နေ့တွင် ခေါ်ယူစစ်ဆေးခဲ့သည်ဟု သိရသည်။

ယင်းနောက် သြဂုတ် ၂၀ ရက်နေ့တွင် ရမန် တစ်ပါတ်ယူကာ ညီအစ်ကိုနှစ်ဦးစလုံးအား ပြင်ဦးလွင်မြို့ရဲစခန်း တွင် ချုပ်နှောင်ထားကြောင်း သိရသည်။

"သူတို့ကတော့ ရမန်ယူပြီးရင် ဆက်စွဲမယ်လို့ ပြောတော့ ရှေ့နေတွေ ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် ကြားကနေ တပ်ရင်းမှူး၊ တိုင်းမှူးတွေနဲ့ မေးမြန်းကြည့်ဖို့ ကြိုးစားနေတယ်။ အမှန်တော့ ဒီကလေးတွေ အပြစ်မရှိကြောင်း အားလုံး ၀ိုင်းထောက်ခံနေကြတာပဲ။ ဒီ ကလေးနှစ်ယောက် အပြစ်ကင်းတယ်ဆိုတာ အာမခံတယ်။ သူတို့မှာ အဲ့လိုဆက်နွယ်စရာအကြောင်း မရှိဘူး။ အမှန်တော့ ဒါက မဖြစ်သင့်တဲ့ကိစ္စပါ။ သူတို့လည်း သိနေတာပဲလေ။ အမှန်က ခေါ်ယူမေးမြန်းရုံနဲ့ ပြန်လွှတ်ပေးသင့်တာပေါ့။ တစ်ဖက်ကနေ စဉ်းစားမယ်ဆိုရင်လည်း သက်ဆိုင်ရာတပ်ကနေ စိုးရိမ်မှုတွေများလို့ နေမှာပါ။ ပြင်ဦးလွင်အထိ တိုက်ခိုက်မှု တွေရှိတော့ စိုးရိမ်ပူပန်မှုတွေ များသွားတာ ထင်ပါတယ်။ အမှန်တော့ တစ်ဖြည်ဖြည်း အရင် စုံစမ်းပြီးမှ လုပ်သင့်တာ။ အခုက ချက်ချင်းကို ဖမ်းယူခေါ်ဆောင်သွားပြီး ရဲစခန်းမှာ ခေါ်ထားတယ်ဆိုတာ လုံးဝ မဖြစ်သင့်တဲ့ကိစ္စပါ" ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလှိုင်းခမ်းက ပြောသည်။

လာမည့် စက်တင်ဘာ နှစ်ရက်၌ ရမန်ပြည့်ပြီး ပြန်လည်လွှတ်ပေးခြင်းမရှိပါက မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်မှ မြို့ပေါ်တွင် သဘောထားဆန္ဒလက်မှတ်များကောက်ယူကာ တောင်းဆိုသွားမည်ဟု မဇ္ဈိမမှ သြဂုတ် ၂၇ ရက်က မေးမြန်းစဉ် ပြောဆိုထားသည်။

လက်ရှိတွင် သြဂုတ် ၁၅ ရက်တိုက်ခိုက်ခံရမှုအပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့်တပ်မတော်ကြား တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required