အင်ဒိုနီးရှား ဘော်နီယိုကျွန်းမှာ မြို့တော်သစ်ကို ၂၀၂၀ မှာ စတင် တည်ဆောက်မည်

အင်ဒိုနီးရှား ဘော်နီယိုကျွန်းမှာ မြို့တော်သစ်ကို ၂၀၂၀ မှာ စတင် တည်ဆောက်မည်

ဂျကာတာ၊ သြဂုတ် ၂၇ ။          ။ အင်ဒိုနီးရှားနိုင်ငံရဲ့ လက်ရှိ လူဦးရေ သိပ်သည်းတဲ့ ဂျကာတာမြို့တော်ကို ဘော်နီယိုကျွန်း အရှေ့ပိုင်းဆီ ၂၀၂၀ အကုန်လောက်မှာ ပြောင်းရွှေ့ပြီး မြို့တော်သစ် တည်ဆောက်မှုကို စတင်မှာ ဖြစ်တယ်လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက တနင်္လာနေ့မှာ ပြောပါတယ်။

အဆိုးဝါးဆုံး ယာဉ်ကြောပိတ်ဆို့မှုတွေကို ရင်ဆိုင်နေရပြီး ရေကြီးရေလွှမ်းမှုတွေကိုလည်း ခါးစည်းခံနေရတဲ့ ဂျကာတာမြို့တော်ဟာ မြေကြီးအောက် ကျွံဆင်းနေတဲ့ ဘေးပါ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ အခုလို မြေထဲ ကျွံဆင်းနေတဲ့ နှုန်းအတိုင်း ဆက်သွားမယ်ဆိုရင် ၂၀၅၀ မှာ မြို့ရဲ့ သုံးပုံတစ်ပုံ မြေအောက် ရောက်သွားမယ်လို့ ပညာရှင်တွေက ခန့််မှန်းထားပါတယ်။

အခု တည်မယ် မြို့တော်သစ်မှာ ကနဦး မြို့နေ ၁ ဒသမ ၅ သန်း နေထိုင်နိုင်ပြီး မြို့ရွှေ့ပြောင်းမှု ကုန်ကျစရိတ်က ရူပီး ၄၆၆ ထရီယံ(အမေရိကန်ဒေါ်လာ ၃၂ ဒသမ ၆၅ ဘီလီယံ) ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်သစ် တည်ဆောက်တာကို ၂၀၂၀ မှာ စမှာဖြစ်ပြီး ရွှေ့ပြောင်းမှုကိုတော့ လက်ရှိ သမ္မတ ဝီဒိုဒို ရာထူးသက်တမ်း ကုန်ဆုံးချိန်လောက်ဖြစ်မယ့် ၂၀၂၄ မှာ စတင်ဖြစ်မယ်လို့ ခန့််မှန်းထားပါတယ်။
လူဦးရေ ဆယ်သန်းရှိတဲ့ လက်ရှိ ဂျကာတာမြို့တော်ဟာ အထိန်းအချုပ် မရှိ မြေအောက်ရေ အလွန်အကျွံ ထုတ်လုပ်ခဲ့တဲ့ ဆယ်စုနှစ်တွေ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနေခြင်းနဲ့ ရာသီ မမှန်တဲ့ ဖြစ်စဉ်တွေအောက်မှာ မြို့တော်ဟာ မြေအောက်ကို ကျွံဆင်းလာနေတဲ့ ဘေးကို ရင်ဆိုင်လာနေရတာပဲ ဖြစ်ပါတယ်။

ဘော်နီယိုကျွန်း အရှေ့ပိုင်ကို မြို့တော်သစ် တည်ဖို့ ရွေးချယ်ရတာဟာ ဆူနာမီဘေး၊ ငလျင်ဘေးနဲ့ မီးတောင်ပေါက်ကွဲမှုဘေးတွေ အနည်းဆုံးဖြစ်တာကြောင့်လို့ သမ္မတ ဝီဒိုဒိုက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly