အာရှ ဝက်ဝံနက် ၅ ကောင်ကို လာအို အာဏာပိုင်တွေ ကယ်ဆယ်စောင့်ရှောက်

အာရှ ဝက်ဝံနက် ၅ ကောင်ကို လာအို အာဏာပိုင်တွေ ကယ်ဆယ်စောင့်ရှောက်

သြဂုတ် ၂၇ ။               ။ လာအိုနိုင်ငံ မြောက်ပိုင်း ဝေးလံခေါင်းပါးတဲ့ အရပ်တစ်ခုမှာ ရှားပါး အာရှဝက်ဝံနက် သားပေါက် ငါးကောင်ကို တွေ့ရှိကယ်ဆယ်ခဲ့ရကြောင်း နိုင်ငံတကာအကျိုးအမြတ်မယူ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ NGO Free the Bears က ပြောပါတယ်။

ယင်း ဝက်ဝံနက်တွေကို သဘာဝဘေးမဲ့ဥယျာဉ်တစ်ခုကို ခေါ်ဆောင်ပြီး ကျန်းမာရေး ပုံမှန်အတိုင်းဖြစ်အောင် စောင့်ရှောက်ပေးထားရတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အ စည်း (IUCN) ရဲ့ မျိူးသုဉ်းပျောက်ကွက်နိုင်တယ်ဆိုသော အနီရောင်မှတ်တမ်းစာရင်းမှာ ပါဝင်တဲ့ တိရစ္ဆာန် ထောင်ပေါင်းများစွာတို့ဟာလည်း အာရှဒေသတစ်ဝှမ်း အိမ်မွေးတိရစ္ဆာန်များအဖြစ် လှောင်အိမ်များထဲ ထည့်ကာ ထိန်းသိမ်းခံနေရလျက် ရှိပါတယ်။

ယင်းအပြင် ရိုးရာဆေးဝါးဖော်စပ်ဖို့အတွက် ၎င်းတိရစ္ဆာန်တွေရဲ့ သည်းခြေအိတ်တွေကနေ သည်းခြေတွေ ထုတ်ယူမှုတွေလည်း ရှိနေပါတယ်။

လာအို ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး NGO Free the Bears က ပြီးခဲ့တဲ့အပတ်က တရုတ်နယ်စပ်အနီး Luang Namtha ပြည်နယ်ရှိ နေရာသုံးခုကို ဝင်ရောက်ရှာဖွေခဲ့ရာမှာ ယင်း ဝက်ဝံနက်တွေကို တွေ့ရှိကယ်ဆယ်နိုင်ခဲ့တာဖြစ်ပါတယ်။

“တွေ့ခါစက ဒီဝက်ဝံတွေဟာ အားနည်းနေပြီး အာဟာရလည်း ချို့တဲ့နေတာကို တွေ့ရပါတယ်၊ ခုတော့ ပုံမှန်အတိုင်း ပြန်ဖြစ်လာပါပြီ” လို့ NGO ပြောရေးဆိုခွင့်ရှိသူ Rod Mabin ကပြောပါတယ်။

ယင်း ဝက်ဝံတွေကိုတော့ ပလော်ပီနံ စိုက်ခင်းထဲကနေ နေအိမ်တစ်အိမ်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ လာအိုမှာတော့ အဆိုပါ ဝက်ဝံတွေကို ထိန်းသိမ်းမွေးထားခြင်းက တရားမဝင်တဲ့အတွက် ခုလို တာဝန်ရှိသူတွေက ပြန်လည် ကယ်ဆယ်စောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly