ကုန်သွယ်ရေးဖိအားကြောင့် တရုတ်နိုင်ငံ ရွေးချယ်စရာ မရှိတော့ဘူးလို့ ထရမ့် ပြော

ကုန်သွယ်ရေးဖိအားကြောင့် တရုတ်နိုင်ငံ ရွေးချယ်စရာ မရှိတော့ဘူးလို့ ထရမ့် ပြော

ဘီအာရစ်၊ သြဂုတ် ၂၇ ။        ။ ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်ရဲ့ ဖိအားကြောင့်် တရုတ်နိုင်ငံအနေနဲ့ ရွေးချယ်စရာ လမ်းမရှိတော့ဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပြောပါတယ်။

ခုလို ကုန်သွယ်ရေးစစ် ပြေငြိမ်းရေး လမ်းစပေါ်လာတာဟာ တရုတ်နိုင်ငံကို ၎င်းရဲ့ စီးပွားရေးမှာ ထဲထဲဝင်ဝင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အမေရိကန်က ဖိအားပေးခဲ့တာကြောင့် ဖြစ်တယ်ဆိုပြီး ပြင်သစ်နိုင်ငံ ဘီအာရစ်မြို့မှာ ကျင်းပတဲ့ ဂျီ  ၇ အစည်းအဝေးမှာ ထရမ့်က ပြောပါတယ်။

နှစ်နဲ့ချီ ကြာမြင့်စွာ ဖြစ်ပွားနေတဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေး စစ်ပွဲပြေငြိမ်းရေး အရိပ်လက္ခဏာအဖြစ် တရုတ်နိုင်ငံဖက်က ဆွေးနွေးဖို့ တောင်းဆိုလာကြောင်း အစောပိုင်းမှာ ထရမ့်က ပြောထားပါတယ်။

ဂျီ ၇ ထိပ်သီးအစည်းအဝေး အဆုံးသတ်ချိန်မှာ ထရမ့်က မိန့်ခွန်းပြောဆိုရာမှာ “တရုတ်ဖက်မှာ ရွေးချယ်စရာ ရှိနေဦးမယ်လို့ ကျွန်တော်တော့ သိပ်မထင်ဘူး။”လို့ ပြောခဲ့တာပါ။

တရုတ်နဲ့ အမေရိကန်ကြားမှာ ကုန်စည် ဒေါ်လာဘီလီယံဖိုးများစွာအပေါ် အပြန်အလှန် သွင်းကုန်ခွန်တွေ ချမှတ်ပြီး ကုန်သွယ်ရေးစစ် အရှိန်မြင့်နေချိန်မှာပဲ တရုတ်နိုင်ငံဟာ နှစ်နိုင်ငံကြားက ရပ်တန့်နေတဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ ကမ်းလှမ်းလာခဲ့တာ ဖြစ်ပါတယ်။

“မနေ့ညက တရုတ်ဖက်ကနေ ကျွန်တော်တို့ ထိပ်တန်းကုန်သွယ်ရေးအရာရှိတွေကို တောင်းဆိုလာတယ်။ ဆွေးနွေးပွဲ စကားဝိုင်းတွေဆီ ပြန်သွားဖို့ပါ။ ဒါကြောင့် ကျွန်တော်တို့တွေ ကုန်သွယ်ရေးစစ်အတွက် စကားဝိုင်း ဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။”လို့ ပြင်သစ်သမ္မတ ဖာတက်ရှ်အယ်စီစီနဲ့ တွေ့ဆုံစဉ်အတွင်း ထရမ့်က ပြောထားခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တော့ သူတို့ဖက်က တခုခု လိုလားနေပြီလို့ ထင်တယ်။ တရုတ်ဖက်မှာ တော်တော်လေး အထိနာနေပေမယ့် ဒါကို သူတို့က သဘောပေါက်နားလည်ပြီး မှန်ကန်တဲ့ လမ်းကို ရွေးလာတယ်။ ဒါကြောင့် သူတို့ကို ကျွန်တော် အရမ်းကို လေးစားမိပါတယ်။ ကမ္ဘာ့ကြီးအတွက် အလွန်တရာ အပြုသဘောဆောင်တဲ့ တိုးတက်မှုပဲ။”လို့ ထရမ့်က ထပ်လောင်းပြောပါတယ်။

ခုလိုမျိုး အစပျိုးပြီး ကမ်းလှမ်းလာတဲ့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို လေးစားမိပြီး နှစ်နိုင်ငံကြားက ကုန်သွယ်ရေးစစ်ကို အဆုံးသတ်လိုတဲ့ ဆန္ဒသဘောထားပဲ ဖြစ်တယ်လို့ ထရမ့်က ပြောခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly