မျက်လုံးတွေ ဘာ့ကြောင့် နီနေရတာလဲ

မျက်လုံးတွေ ဘာ့ကြောင့် နီနေရတာလဲ

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

    

ဖြူကြည်နေရမယ့် မျက်လုံး လေး ရုတ်တရက်နီလာတာ၊ ပွတ်လိုက်လို့ နီလာတာ စတဲ့ အဖြစ်မျိုး အားလုံးကြုံတွေ့ဖူးကြမှာပါ။ တစ်ချို့ဆို သူ့ဘာသာ ပြန်ပျောက်သွားပေမယ့် တစ်ချို့ကျ သေချာစမ်းသပ်စစ်ဆေးပြီး ဆေးကုသဖို့လိုအပ်တာမျိုးတွေ ရှိပါတယ်။ ဒီတော့ ဘယ်လို အကြောင်းတွေကြောင့် မျက်လုံးနီရဲတာတွေ ဖြစ်ရတာလဲ ။
မျက်လုံးနီတယ်ဆိုတာ ဘာကိုပြောတာလဲ ။။

မျက်သားဖြူမှာ ပွတ်လိုက်တာဖြစ်ဖြစ်၊ သွေးတွေထွက်လာတာဖြစ်ဖြစ် နီရဲလာတာကို မျက်လုံးနီတယ်လို့ ပြောကြပါတယ်။ မျက်လုံးတစ်ခုလုံး နီနေတာလည်း ဖြစ်နိုင်သလို မျက်လုံးတစ်နေရာတည်း ကွက်ပြီး နီနေတာလည်းဖြစ်နိုင်ပါတယ်။ အကြောင်းအရင်းပေါ် မူတည်ပြီး တစ်ခါတစ်လေ နီရဲနေသလို တစ်ခါတစ်ခါ ပန်းရောင်သန်းတာလောက်ပဲ ဖြစ်တတ်ပါတယ်။
မျက်လုံးနီတာနဲ့အတူ လာတတ်တဲ့ အခြားလက္ခဏာတွေကတော့

  •     မျက်လုံးထဲ တစ်ခုခု ဝင်နေတသလိုဖြစ်တာ
  •     မျက်လုံး ပူစပ်ပူစပ်ဖြစ်နေတာ
  •     မျက်လုံးယားတာ
  •     မျက်လုံးခြောက်တာ
  •     မျက်လုံးအောင့်တာ
  •     မျက်ရည်ပူတွေ မျက်ဝတ်တွေ ထွက်တာ
  •     အလင်းရောင်ကို မခံနိုင်တာ
  •     အမြင်အာရုံ မကြည်လင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

မျက်လုံးနီတာ ဘာ့ကြောင့်ဖြစ်ရတာလဲ။

မျက်သားဖြူနဲ့ မျက်ကြည်လွှာကြားရှိတဲ့ သေးငယ်တဲ့သွေးကြောလေးတွေ ဖောင်းလာတာကနေ သွေးရောက်တာများသွားပြီး မျက်လုံးနီတာ ဖြစ်တတ်ပါတယ်။ ပတ်ဝန်းကျင်ကြောင့် ကိုယ့်ကြောင့် နဲ့ အခြား မျက်လုံးပြဿနာတွေကြောင့် အရင်မသိသာတဲ့ မျက်လုံးသွေးကြောလေးတွေ ဖောင်းလာရတာပါ။ ကဲ ဘယ်လိုအကြောင်းအရာ တွေကြောင့်လဲဆိုတော့

  •     ဓာတ်မတည့်တဲ့ ပြဿနာတစ်ခုခုဖြစ်နေတာ
  •     မျက်လုံးကို အားစိုက်လွန်းလို့ မျက်လုံးက ပင်ပန်းနေတာ
  •     မျက်ကပ်မှန်တွေအရမ်းတပ် လွန်းအားကြီးလို့ဖြစ်တာ
  •     မျက်လုံးပိုးဝင်ပြီး မျက်ကြည်လွှာရောင်တာ နဲ့
  •     မျက်လုံး ရေတိမ်စွဲတာတို့ကြောင့် မျက်လုံးနီရဲလာတာမျိုး ဖြစ်တတ်ပါတယ်။

မျက်သားမှာ ဖြစ်တာမျိုး မဟုတ်ဘဲ မျက်လုံးက သွေးကြောတွေထောင်လာပြီး မျက်လုံးနီလာရတဲ့ ပြဿနာလည်းရှိပါသေးတယ်။ ဒါကို ဆေးပညာမှာဆို bloodshot eyes လို့ခေါ်ပါတယ်။ bloodshot eyes ကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပါ။
ပတ်ဝန်းကျင်ကြောင့်

  •     လေထဲကနေပါလာတဲ့ ဓာတ်မတည့်တဲ့ အမှုန်တွေ
  •     လေထုညစ်ညမ်းမှုတွေ
  •     မီးခိုးငွေ့တွေ၊ ဖုန်မှုန့်တွေ
  •     ရေကူးကန်ထဲက ကလိုရင်းတွေ ကြောင့်နဲ့
  •     နေရောင်ထဲက ခရမ်းလွန်ရောင်ခြည်တွေ မျက်လုံးနဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါမှာ မျက်လုံးနီရဲလာတတ်ပါတယ်။

ပုံမှန် ဖြစ်နေကျ မျက်လုံးပြဿနာတွေဖြစ်တဲ့

  •     မျက်လုံးခြောက်တာ
  •     မျက်ကြည်လွှာရောင်တာ
  •     မျက်ကပ်မှန်ကနေတစ်ဆင့် မျက်လုံးပိုးဝင်တာ
  •     ကွန်ပျူတာ၊ ဖုန်းအသုံးများပြီး မျက်လုံးအောင့်တာ၊
  •     အိပ်ရေးမဝလို့ မျက်လုံးပင်ပန်းတာစတာတွေကြောင့်လည်း မျက်လုံးနီရဲတာမျိုး ဖြစ်တတ်ပါသေးတယ်။

ပြင်းထန်တဲ့ အခြားမျက်လုံးပြဿနာတွေကလည်း မျက်လုံးနီရဲရခြင်းကို ဖြစ်စေတတ်ပါသေးတယ်။

  •     မျက်လုံးပိုးဝင်ခြင်း
  •     မျက်လုံးတွင်း ထိခို်က်ဒဏ်ရာရခြင်း
  •     လောလောလတ်လတ် မျက်လုံးခွဲစိတ်မှုတွေလုပ်ထားခြင်း
  •     မျက်သားရောင်ခြင်း
  •     မျက်ကြည်လွှာအနာဖြစ်ခြင်းနဲ့
  •     ရေတိမ်ဖြစ်တာ စတာတွေက မျက်လုံးနီရဲရခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ၊

မျက်လုံးနီတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ ။

ပုံမှန်ဖြစ်တတ်တာမျိုးဖြစ်ပြီး ခဏလေးနဲ့ ပြန်ပျောက်သွားမယ့် မျက်လုံးနီတာမျိုးဆို ဆေးခန်းချက်ချင်း သွားစရာမလိုပေမယ့် မျက်လုံးနီတာ ကြာနေပြီ၊ နီတာနဲအတူ မျက်ရည်ပူတွေကျတာ၊ မျက်လုံးအောင့်တာ၊ မျက်လုံးယားတာနဲ့ အမြင်အာရုံ မကြည်လင်တာမျိုးတွေပါ ပါလာရင်တော့ ဆရာဝန်ဆီ ချက်ချင်းသွားပြပြီး အကြောင်းအရင်းကိုရှာ ကုသရမှာ ဖြစ်ပါတယ်။ ဘေးလူတွေရဲ့ စကားနဲ့ ဟိုမျက်စဉ်းကောင်းတယ် ဒီမျက်စဉ်းဆေးလေး ကောင်းတယ်ဆိုပြီးတော့ လျှောက်မထည့်လိုက်ပါနဲ့။ ကိုယ့်ဖြစ်နေတဲ့ ပြဿနာနဲ့ မကိုက်ဘဲ ပိုဆိုးသွားတတ်လို့ပါ ။ ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly