ကုန်သွယ်ရေးစစ်မှာ စေ့စပ်ညှိနှိုင်းဖို့ တရုတ်ဖက်က တောင်းဆိုလာဟု ထရမ့် ပြော

ကုန်သွယ်ရေးစစ်မှာ စေ့စပ်ညှိနှိုင်းဖို့ တရုတ်ဖက်က တောင်းဆိုလာဟု ထရမ့် ပြော

ပါရီ၊ သြဂုတ် ၂၆ ။         ။ အမေရိကန်နဲ့ တရုတ်ကြားက တန့်ရပ်နေတဲ့ နှစ်ဖက်ကုန်သွယ်ရေး ဆွေးနွေးပွဲတွေ ပြန်စဖို့ ဆန္ဒရှိနေတယ်လို့ တရုတ်အာဏာပိုင်တွေဖက်က မိမိတို့ အစိုးရကို ပြောလာခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပြောပါတယ်။

ပြင်သစ်တောင်ပိုင်း ဘီအာရစ်မြို့မှာ ကျင်းပတဲ့ ဂျီ ၇ အစည်းအဝေးပွဲအတွင်း သတင်းစာရှင်းလင်းရာမှာ ထရမ့်က ပြောတာ ဖြစ်ပါတယ်။

“မနေ့ညက တရုတ်ဖက်ကနေ ကျွန်တော်တို့ ထိပ်တန်းကုန်သွယ်ရေးအရာရှိတွေကို တောင်းဆိုလာတယ်။ ဆွေးနွေးပွဲ စကားဝိုင်းတွေဆီ ပြန်သွားဖို့ပါ။ ဒါကြောင့် ကျွန်တော်တို့တွေ ကုန်သွယ်ရေးစစ်အတွက် စကားဝိုင်း ဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။”လို့ ပြင်သစ်သမ္မတ ဖာတက်ရှ်အယ်စီစီနဲ့ တွေ့ဆုံစဉ်အတွင်း ထရမ့်က ပြောပါတယ်။

“ကျွန်တော်တော့ သူတို့ဖက်က တခုခု လိုလားနေပြီလို့ ထင်တယ်။ တရုတ်ဖက်မှာ တော်တော်လေး အထိနာနေပေမယ့် ဒါကို သူတို့က သဘောပေါက်နားလည်ပြီး မှန်ကန်တဲ့ လမ်းကို ရွေးလာတယ်။ ဒါကြောင့် သူတို့ကို ကျွန်တော် အရမ်းကို လေးစားမိပါတယ်။ ကမ္ဘာ့ကြီးအတွက် အလွန်တရာ အပြုသဘောဆောင်တဲ့ တိုးတက်မှုပဲ။”လို့ ထရမ့်က ထပ်လောင်းပြောပါတယ်။

ခုလိုမျိုး အစပျိုးပြီး ကမ်းလှမ်းလာတဲ့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်ကို လေးစားမိပြီး သူ့အနေနဲ့ နှစ်နိုင်ငံကြာုးက ဖြစ်ပွားဆဲ ကုန်သွယ်ရေးစစ် အဆုံးသတ်လိုတာကို ဖော်ပြခဲ့တယ်လို့လည်း ထရမ့်က ပြောပါတယ်။

ကမ္ဘာ့စီးပွားရေး အင်အားကြီး အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံကြားမှာ အပြန်အလှန် သွင်းကုန်စည်းကြပ်ခွန်တွေ ချမှတ်ကြပြီး ကုန်သွယ်ရေးစစ်ပွဲက အရှိန်မြင့်နေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly