ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် (၇)ဦးအမှု တရားလိုပြသက်သေ တပ်မတော်အရာရှိတစ်ဦးကိုစစ်ဆေး

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် (၇)ဦးအမှု တရားလိုပြသက်သေ တပ်မတော်အရာရှိတစ်ဦးကိုစစ်ဆေး

ရန်ကုန်၊ သြဂုတ် ၂၆  ။           ။ တပ်မတော်က တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် (၇)ဦးအမှုတွင် တရားလိုပြသက်သေ ဖြစ်သော တပ်မတော်အရာရှိတစ်ဦးကိုစစ်ဆေးခဲ့ကြောင်း စွပ်စွဲခံရသူများဘက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

တပ်မတော်မှ တရားလိုပြုလုပ်ကာ ပုဒ်မ၅၀၅(က)၊ ၆၆(ဃ) တို့ဖြင့် တရားစွဲဆိုထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်(၇)ဦးကို ဩဂုတ် ၂၆ရက်က ဗိုလ်တစ်ထောင်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။ 

"ဒီနေ့တော့ တရားလိုပြသက်သေတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးနောင်နောင်လတ်ကို စစ်ဆေးတယ်။ နောက်ရုံးချိန်းမှာ တရားလိုပြသက်သေ နှစ်ယောက်ပဲကျန်တော့တယ်။ ဘာမှထွေထွေထူးထူးတော့မရှိပါဘူး။ ပထမစစ်ခဲ့တဲ့ တရားလိုပြသက်သေတွေ စစ်ခဲ့သလိုပါဘဲ။ အဲ့အတိုင်းဘဲ သူတို့ကလည်းဖြေတယ်။ ကိုယ်တွေဘက်ကလည်း မေးတယ်။" ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောကြားသည်။

တရားစွဲဆိုခံထားရသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များကို ဖျာပုံတရားရုံးမှ ထောင်ထွက်မိန့် ထုတ်ပေး လိုက်သည့်အတွက် ဖျာပုံ၊ မအူပင်၊ ဒေးဒရဲ တရားရုံးများတွင် သွားရောက် တရားရင်ဆိုင်ရမည့် အခြေအနေ နှင့်လည်း ရင်ဆိုင်နေရကြောင်း သိရသည်။

"ထောင်ထွက်မိန့်ပေးထားတာတော့ ဆရာမတို့သိတယ်။ ဒါပေမယ့်ဖျာပုံရုံးချိန်းကို ဘယ်နေ့ကို ဆင့်ခေါ်ပြီးတော့ ဘယ်နေ့ကို စစ်မယ်ဆိုတာတော့ ဆရာမတို့ မသိရသေးဘူး။ ဆင့်ခေါ်ထားတာတော့ မရှိသေးဘူး။ ဖျာပုံနဲ့ ဒေးဒရဲရုံးတွေက ရန်ကုန်က မရမ်းကုန်းနဲ့ဗိုလ်တစ်ထောင် ရုံးချိန်းတွေနဲ့ မတိုက်ဆိုင်တဲ့ ရုံးချိန်းတွေနဲ့ပဲ ဆင့်ခေါ် လို့ရမယ်။ ဒီကနဲ့တိုက်နေရင်တော့ နှစ်ရုံးထွက်လို့ မရဘူးပေါ့။ အဲ့ဒါတွေကို သူတို့ချိန်နေတယ် ထင်ပါတယ်။"ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ဆက်ပြောသည်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များဖြစ်သော ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုပိုင်ဖြိုးမင်း၊ မဆုရတနာမြင့် ၊ ချစ်ယုံ ၊ ဖိုးသား နှင့် ကေခိုင်ထွန်းတို့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး မျိုးမင်းဦးက ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့်လည်းကောင်း ချစ်ယုံနှင့် မဆုရတနာမြင့်တို့ကို နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(က) တို့ဖြင့် ဗိုလ်တစ်ထောင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly