လှပတဲ့နိုင်ငံတော်တစ်ခုဖြစ်ရန် စစ်ပွဲတွေရပ်ဖို့ ၊ အကြောက်တရားကင်းဖို့နှင့် ယုံကြည်မှုများ ရှိဖို့လို

လှပတဲ့နိုင်ငံတော်တစ်ခုဖြစ်ရန် စစ်ပွဲတွေရပ်ဖို့ ၊ အကြောက်တရားကင်းဖို့နှင့် ယုံကြည်မှုများ ရှိဖို့လို

သြဂုတ်လ (၂၆)ရက် ။            ။ လှပတဲ့နိုင်ငံတော်တစ်ခုဖြစ်လာဖို့ စစ်ပွဲတွေရပ်ဖို့၊ အကြောက်တရားကင်းဖို့နှင့် ယုံကြည်မှုများ ရှိဖို့ လိုအပ် သည်ဟု ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က ပြောသည်။  

သြဂုတ်လ ၂၆ရက်နေ့က ရန်ကုန်တက္ကသိုလ် RC ဆောင်တွင် ပြုလုပ်ကျင်းပနေသည့် ရန်ကုန်တက္ကသိုလ်၊ ရာပြည့်အကြို ၉၉နှစ်ပြည့်အထိမ်းအမှတ်၊ ရန်ကုန်တက္ကသိုလ်၊ ဒသနိကဗေဒဌာန၊ သင်တန်းသားများ ကျင်းပ ပြုလုပ်သည့် အသုံးချဒသနအမြင်ပြပွဲ နှင့် ဒသနစကားဝိုင်းအပြီးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကမ္ဘာကြီးမှာ ကြည့်လိုက်ရင် နိုင်ငံတစ်ခုမှာ စစ်မက်တွေ များနေမယ်၊ ကြွေးမြီးတွေ ထူပြောနေမယ်၊ ရောဂါ ဘယတွေ များနေမယ်၊ ပြသနာတွေများနေမယ်ဆိုရင် ဘယ်လိုမှ တည်ငြိမ်မှု မရှိနိုင်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ယုံကြည်ဖို့လိုတယ်။ စစ်ပွဲတွေရဲ့ သဘောအရ ယုံကြည်လေးစားမှု မရှိတော့တာ ဖြစ်တယ်။ စစ်ပွဲတွေကို ရပ်ပါလို့ ပြောရတာလည်း လွယ်တယ်။ တကယ်တော့ တိုက်နေတဲ့ သူတွေကို မေး ကြည့်မယ် ဆိုရင်လည်း စစ်တိုက်ချင်လို့ တိုက်နေတဲ့သူတွေ မပါဘူး။ အဓိကတော့ စားပွဲဝိုင်းမှာ ဆွေးနွေးတဲ့ ယဉ်ကျေးမှုက တကယ်မအောင်မြင်သေးလို့ပဲ။ " ဟု ၈၈ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင် က ပြောသည်။

လှပတဲ့နိုင်ငံတော် စကားဝိုင်းဆွေးနွေးပွဲကို ဆရာချစ်ဦးညို၊ ဦးမင်းကိုနိုင်၊ ဆရာကျော်မင်းဆွေ နှင့် ဆရာ မောင်မောင်ဇေယျတို့က ဦဆောင်ဆွေးနွေးခဲ့ကြသည်။ လှပတဲ့နိုင်ငံတော်ဖြစ်လာရန် လူငယ်များကလည်း အရေးကြီးကြောင်းနှင့် လူငယ်များ၊ ကလေးငယ်များ၏ ပညာရေးကို မှန်ကန်ကောင်းမွန်စွာပေးဖို့ လိုအပ် သည်ဟု ဆရာချစ်ဦးညိုက ပြောသည်။  

" ယနေ့ရှိနေတဲ့ ကလေးတွေနဲ့ လူငယ်တွေရဲ့ ပညာရေးကို ကောင်းကောင်းမွန်မွန်ပေးရမယ်။ သူတို့ရဲ့ စိတ် ပတ်ဝန်းကျင်၊ ရုပ်ပတ်ဝန်းကျင်ကို တည်ငြိမ်အောင် တည်ဆောက်ပေးရမယ်။ လူတိုင်းဟာ ကိုယ်ကျင့်တရား ဖြောင့်မတ်ရမယ်။ ဉာဏ်ပညာနဲ့လည်း ပြည့်စုံရမယ်။ လှပသောနိုင်ငံကို သွားဖို့က ဗုဒ္ဓဘာသာတစ်ယောက် အနေနဲ့ ပြောရမယ်ဆိုရင် မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုးပါးထဲမှာ တတိယမြောက်ဂုဏ်တော်လိုပဲ လူတွေဟာ အသိပညာနဲ့ စိတ်ဓါတ်ကောင်းမွန်လာရင် အဲ့တာ ဘယ်တော့မှ အရုပ်ဆိုးဆုံးနိုင်ငံတော် မဖြစ်တော့ဘူး။ အဲ့ဒါ လှပသောနိုင်ငံတော် ဖြစ်လာမယ်။ သယံဇာ တွေကို ဘေးဖယ်ထားလိုက်။ အရေးကြီးတာ လှပသော နိုင်ငံတော် အတွက် လူတွေက အရေးကြီးတာ။ လူတွေ စိတ်လှဖို့ အရေးကြီးတယ်။ စိတ်လှဖို့က ကိုယ်ကျင့်တရားနဲ့ ပညာပဲ။ " ဟု ဆရာချစ်ဦးညို က ပြောသည်။

ရန်ကုန်တက္ကသိုလ်၊ ရာပြည့်အကြို ၉၉နှစ်ပြည့်အထိမ်းအမှတ်၊ ရန်ကုန်တက္ကသိုလ်၊ ဒသနိကဗေဒဌာန၊ သင်တန်းသားများ ကျင်းပပြုလုပ်သည့် အသုံးချဒသနအမြင် ပြပွဲ နှင့် ဒသနစကားဝိုင်းကို သြဂုတ်လ ၂၆ရက်မှ  ၂ရရက်နေ့အထိ နှစ်ရက်တာ ပြုလုပ်ကျင်းပသွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly