ကျော်ဇင်ဝင်း သေဆုံးမှုအတွက် လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက်တွင် မပါဝင်သည့်အချက်များကို သမ္မတ ထံတင်ပြမည်

ကျော်ဇင်ဝင်း သေဆုံးမှုအတွက် လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက်တွင် မပါဝင်သည့်အချက်များကို သမ္မတ ထံတင်ပြမည်
ဓာတ်ပုံ - သက်ကို

ရန်ကုန်၊ သြဂုတ်လ ၂၆ ။          ။ MIU ဝန်ထမ်းဟောင်း ကိုကျော်ဇင်ဝင်း သေဆုံးမှုများနှင့် ပတ်သက်၍ လူအခွင့်ရေးကော်မရှင်၏ ထုတ်ပြန်ချက် ၌မပါဝင်သည့် အချက်များကို နိုင်ငံတော်သမ္မတထံ တင်ပြသွားမည်ဟု Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ပြောသည်။

"ကော်မရှင်က တင်ထားတဲ့အစီရင်ခံစာမှာ ကျန်ရှိနေသေးသောအချက်များကို ကျွန်တော်တို့တင်ပြမယ်။ ဒီသေဆုံးမှုက ကော်မရှင်က ကောက်ချက်ချသလို စိတ်ပိုင်းဆိုင်ရာ အားနည်းလို့ လုပ်ငန်းဖိအားကြောင့် ဆိုတာ မဟုတ်ဘဲနဲ့ LGBT ကြောင့် လုပ်ငန်းခွင်မှာ ဖိအားကြုံတွေရတယ်ဆိုတဲ့အချက်ကို သက်သေပြနိုင်မယ်။ သမ္မတ ကြီးရဲ့အကြံဉာဏ်နဲ့ သူရဲ့ဆင်ခြင်တုံတရားအရ ဒီကိစ္စကို ထိုက်သင့်တဲ့လွတ်လပ်ခွင့် အမှန်တရားပေါ်ပေါက်ဖို့ အတွက် တစ်နည်းတစ်ဖုံအကျိုးရှိမယ်လို့ ယုံကြည်တယ်" ဟု ဦးအောင်မျိုးမင်း က  မီဒီယာများ ကို ပြောသည်။

MIU ဝန်ထမ်းဟောင်း ကိုကျော်ဇင်ဝင်း သေဆုံးမှုနှင့် ပတ်သက်၍ နောက်ဆုံးအခြေအနေများအား ရှင်းလင်းခြင်း သတင်းစာရှင်းလင်းပွဲကို သြဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ Equality Myanmar ရုံးခန်းတွင် ပြုလုပ်ခဲ့သည်။

"ကော်မရှင်ကို ပြန်လည်ပြီးစုံစမ်းစစ်ဆေးဖို့ အတွက်ညွှန်ကြားတဲ့အရာမျိုး ၊ ဒီကိစ္စတစ်ခုက လူအခွင့်ရေး ရှုထောင့်က ကြည့်မယ်ဆိုရင် လူအခွင့်ရေးချိုးဖောက်မှု ဖြစ်တယ်ဆိုတဲ့ မှတ်ချက်မျိုး ၊  LGBT တွေကို ခွဲခြားမှု မဖြစ်အောင် ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ အကြံဉာဏ်မျိုး ထွက်လာကောင်း ထွက်လာနိုင်တယ်လို့ မျှော်လင့် ပါတယ် " ဟု ဦးအောင်မျိုးမင်း က ထပ်မံပြောဆိုသည်။

မြန်မာနိုင်ငံအမျိုးသားလူအခွင့်ရေးကော်မရှင် (MNHRC) သည် ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်နေ့ မှ သြဂုတ်လ ၇ ရက်နေ့အထိ MIU ကျောင်းတည်ထောင်သူ အပါအဝင် ဝန်ထမ်း ၁၅ ၊ ကျော်ဇင်ဝင်း၏ မိသားစုဆွေမျိုး လေးဦး  နှင့် သူငယ်ချင်း အမျိုးသမီး တစ်ဦး  ၊ ဆရာဝန် တစ်ဦး၊ တိုင်ကြားသည့် LGBT နှစ်ဦး တို့ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Myanamar Imperial University (MIU) ကျောင်းတွင် စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အသက် ၂၆ နှစ်အရွယ် ကျော်ဇင်ဝင်းသည် ဇွန် ၂၄ ရက် မွန်းလွဲပိုင်းအချိန်တွင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly