အောင်မင်းခေါင်ရိပ်သာ သာမဏေကျော်စာသင်တိုက်အကြောင်း မဟုတ်မမှန် ရေးသားပြောဆိုမှုများကို အရေးယူရန် ပြင်ဆင်နေ

အောင်မင်းခေါင်ရိပ်သာ သာမဏေကျော်စာသင်တိုက်အကြောင်း မဟုတ်မမှန် ရေးသားပြောဆိုမှုများကို အရေးယူရန် ပြင်ဆင်နေ

မန္တလေး၊ သြဂုတ် ၂၆ ။          ။ မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်၊ပုပ္ပါးတောင်ကလပ် အောင်မင်းခေါင်ရိပ်သာ သာမဏေကျော်စာသင်တိုက်နှင့်ပတ်သက်၍ မဟုတ်မမှန် ရေးသားပြောဆိုနေမှုများကို ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သွားမည်ဟု အဆိုပါကျောင်းတိုက်မှ ဆရာတော် ဦးခေမိန္ဒကမိန့်ကြားသည်။

မူလဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက် လက်ရှိကျောင်းထိုင်ဆရာတော် ဦးခေမိန္ဒအား ဝိနည်းနှင့်အညီ တရားဝင် သံဃာ့နာယကအဆင့်ဆင့်မှ ကျောင်းထိုင်ဆရာတော်အဖြစ် ခွင့်ပြုခဲ့ပြီး သဒေသခံများကလည်း ကျောင်းထိုင်အဖြစ် အသိအမှတ်ပြု ကိုးကွယ်ခဲ့ကြကြောင်းသိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ၄င်းကျောင်းတိုက်တွင် တစ်နှစ်ခန့် သီတင်းသုံးခဲ့သည့် ဆရာတော် ဦးသြဘာသ နှင့်လူတစ်စုက လက်ရှိ ကျောင်းထိုင်ဆရာတော်သည် ကျောင်းကို လုယူ၍ ကျောင်းထိုင်နေခြင်းဖြစ်သည်ဟု သက်ဆိုင်ရာအဖွဲ့အစည်းများထံ မဟုတ်မမှန်တိုင်ကြားခဲ့ခြင်း၊ အမိမြေ ဂျာနယ်တွင် မဟုတ်မမှန် ရေးသားခြင်း တို့ကို ပြုလုပ်ခဲ့ခြင်းကြောင့် တရားစွဲဆို အရေးယူနိုင်ရန် ဆောင်ရွက်လျက် ရှိသည်ဟု ဆရာတော် ဦးခေမိန္ဒိက မိန့်ကြားသည်။

"ကျောင်းတိုက်ကြီးနဲ့ဆရာတော့်ကို အပုတ်ချ ရေးသား ပြောဆိုနေတာတွေကို ဥပဒေကြောင်းအရ အရေးယူ နိုင်ဆောင်ရွက်ဖို့ရှိပါတယ်။အပုတ်ချ ရေးသားပြောဆိုတာတွေကြောင့် ကျောင်းတိုက်ဂုဏ်သိက္ခာလည်း ထိခိုက် ပါတယ်။မီဒီယာကောင်စီထံကိုလည်း တိုင်ကြားမယ်။အမြန်ဆုံး တရားစွဲဆိုနိုင်ဖို့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်သွားပါမယ်။"ဟု ဆရာတော် ဦးခေမိန္ဒိက မိန့်ကြားသည်။

မူလဆရာတော်ကြီးရှိခဲ့စဉ်က သာသနာပြုလုပ်ငန်းတစ်ခုထဲကိုသာ ဆောင်ရွက်ခဲ့သော်လည်း ယခုဆရာတော် လက်ထက်တွင် စာသင်တိုက်အဖြစ် ဆောင်ရွက်နေသလို သာသနာပြုလုပ်ငန်းများလည်း ဆက်လက်ဆောင် ရွက် နေကြောင်းသိရသည်။ လက်ရှိတွင် ကျောင်းထိုင်ဆရာတော်အပါအဝင် စာချဆရာတော် ၁၀ ပါး သတင်းသုံးလျက်ရှိပြီး စာသင်သံဃာတော် ၄ဝပါးရှိကြောင်း သိရသည်။
"ရွာသူ ရွာသားတွေနဲ့ပြဿနာမရှိဘူး။အကုန် ဆရာတော့်ကို ကိုးကွယ်ပါတယ်။ဆွမ်းကွမ်းကအစ အကုန် လှူကြတယ်။ကျောင်းကလည်း အခုဆိုစာသင်သားတွေနဲ့ စာသင်တိုက်ဖြစ်နေပြီ။ဆရာတော်ရဲ့ ကြိုးစားမှု ကိုလည်း အသိအမှတ်ပြုပါတယ်။အခု ကန့်ကွက်တာတွေ မဟုတ်မမှန်ပြောဆိုနေတာတွေက ဒီကလည်း မဟုတ်ပါဘူး။ကန့်ကွက်တယ်ဆိုတဲ့ ဦးပဇင်းဆိုတာကလည်း ဒီကျောင်းမှာ ခဏနေသွားတဲ့ တစ်ဝါပဲ ရှိတဲ့ တစ်ပါးပါ။"ဟု တောင်ကလပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်လှကပြောပြသည်။
ထိုသို့ စာသင်တိုက်ဂုဏ်သိက္ခာနှင့်ဆရာတော်ကြီးများ၏ ဂုဏ်သိက္ခာ ထိခိုက်စေနိုင်သော အပြုအမူ အပြောအဆိုများ ပြုလုပ်နေသူများကို သံဃာ့နာယကအဆင့်ဆင့်နှင့်အာဏာပိုင်အဖွဲ့အစည်းများထံ တိုင်ကြားမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
"ဒါအမှုဖွင့်ထားတာ မလုပ်ပေးဘူးဆိုရင် ဆက်ဆောင်ရွက်သွားမှာပဲ။ပုပ္ပါးတောင်ကလပ် အောင်မင်းခေါင် ရိပ်သာကျောင်းဆရာတော် ဦးကုသလ ပျံလွန်တော်မူတဲ့နေ့ပဲ။ အဲဒီနေ့မှာပဲ သူကိုယ်တိုင် စာချုပ်တွေ ချုပ်ပြီးတော့ သံဃာတော်တွေခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်။သူကိုယ်တိုင်ရေးတယ်။စာချုပ် စာတမ်းမပြဘူး။ ဘယ်နည်းနဲ့ပဲထိုးထိုးမအောင်မြင်ပါဘူး။မအောင်မြင်ဘူးဆိုတာက မူလသာသနိကကျောင်းဖြစ်တယ်လေ။ သူတို့က နောက်မှရောက်လာပြီး မဟုတ်တရုတ်တွေပြောတယ်။အဲဒါနဲ့ပတ်သက်ပြီး မြို့နယ်ကိုရော အားလုံးကို စာတွေတင်ထားတယ်ပေါ့။အမှုဖွင့်ထားတယ်။ဆောင်ရွက်မပေးဘူးဆိုရင် ဆက်လုပ်သွားမှာပဲ။"ဟု တိုင်ကြားခဲ့ သည့် ဆရာတော် ဦးသြဘာသက မိန့်ကြားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ သြဂုတ်လ ၂၅ ရက်၊မွန်းလွဲ ၃ နာရီက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ပုပ္ပါးတောင်ကလပ် အောင်မင်းခေါင်ရိပ်သာ သာမဏေကျော်စာသင်တိုက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly