ဟောင်ကောင်ဆန္ဒပြပွဲမှာ ရေအမြောက် စသုံးလာ၊ ရဲက ကျည်အစစ်နဲ့ ပစ်ခတ်တာတွေ ရှိ

ဟောင်ကောင်ဆန္ဒပြပွဲမှာ ရေအမြောက် စသုံးလာ၊ ရဲက ကျည်အစစ်နဲ့ ပစ်ခတ်တာတွေ ရှိ

ဟောင်ကောင်၊ သြဂုတ် ၂၆ ။       ။ ဟောင်ကောင်က ဆန္ဒပြသူတွေနဲ့ တနင်္ဂနွေနေ့က ထိပ်တိုက်တွေ့ရာမှာ ရဲတပ်ဖွဲ့ဟာ ပထမဆုံးအဖြစ် ရေအမြောက် စသုံးလာပြီး ရဲတစ်ဦးက သေနတ်ထုတ်ကာ ကျည်အစစ်နဲ့ ပစ်ခတ်မှုအထိ ရှိလာခဲ့ပါတယ်။

သုံးလတာ ကြာမြင့်နေပြီဖြစ်တဲ့ ဒီမိုကရေစီ စုရုံးဆန္ဒပြမှုတွေမှာ အဲဒီ တနင်္ဂနွေနေ့က ဆန္ဒပြမှုဟာ အဆိုးဆုံးတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။

ဆူအန်းဝန်ခရိုင်ဖက်မှာ နေ့လယ်ပိုင်းက စုရုံးဆန္ဒပြကြရာမှာ ရဲနဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့ပြီး အကြမ်းဖက်မှုအသွင်ကူးပြောင်းခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ မျက်နှာဖုံးတပ် လူငယ်တွေရဲ့ ကျောက်ခဲတွေ၊ တုတ်တွေနဲ့ ပစ်ပေါက်ကြတာကို ရင်ဆိုင်ရင်း ထိပ်တိုက်တွေ့မှု အခြေအနေ ဆိုးဝါးခဲ့တာပါ။

တစ်ချို့ရဲတွေဟာ သူတို့ရဲ့ သေနတ်တွေကို ဆွဲထုတ်ပြီး ပစ်ခတ်ဖို့ ချိန်ထိုးခြိမ်းခြောက်တာတွေကို မြင်တွေ့ရကြောင်း အေအက်ဖ်ပီသတင်းထောက်က ပြောပါတယ်။

“ကျွန်တော် သိတာကတော့ ကျွန်တော်ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦး သေနတ် ထုတ်ပြီး ပစ်ခတ်ခဲ့တာဆိုတာပါပဲ။”လို့ ရဲတပ်ကြပ်ကြီးတစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

စီးပွားရေး အချက်အခြာ ဟောင်ကောင်မှာ တရုတ်ဆီ တရားခံလွှဲပြောင်းမယ့် ဥပဒေ ပြဌာန်းဖို့ အာဏာပိုင်တွေက လုပ်ဆောင်လာတာကနေ လူထုစုရုံးဆန္ဒပြမှုတွေ ဖြစ်ပွားပေါ်ပေါက်တာဖြစ်ပြီး ဥပဒေကို အစိုးရက ဖျက်သိမ်းပေမယ့် ဆန္ဒပြပွဲတွေဟာ တရုတ်ကို ဦးတည်တဲ့ ဒီမိုကရေစီ တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေအဖြစ် ဆက်လက်ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly