ပဲလေ့စ်နဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ် လူမျိုးရေးခွဲခြားခံခဲ့ရ၊ ပရိုဖိုင်အတုတွေနောက်ကွယ်က လူမျိုးရေးခွဲခြားတဲ့လူတွေလို့ ပြောဆိုသွားတဲ့ ဆိုးလ်ရှား

ပဲလေ့စ်နဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ် လူမျိုးရေးခွဲခြားခံခဲ့ရ၊ ပရိုဖိုင်အတုတွေနောက်ကွယ်က လူမျိုးရေးခွဲခြားတဲ့လူတွေလို့ ပြောဆိုသွားတဲ့ ဆိုးလ်ရှား
Photos: EPA

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ပဲလေ့စ်ကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် တွစ်တာမှာ လူမျိုးရေးခွဲခြားခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယခုတစ်ပတ် တနင်္လာနေ့က အသင်းဖော် ပေါ့ဂ်ဘာ လူမျိုးရေးခွဲခြားခံရတာကို ဦးဆောင်ကန့်ကွက် ဝေဖန်ခဲ့သူဖြစ်ပြီး ရက်အနည်းငယ်အကြာမှာပဲ ကိုယ်တိုင် လူမျိုးရေးခွဲခြားခံခဲ့ရတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်အတွင်း အင်္ဂလိပ်ဘောလုံးလောကမှာ ကစားသမားတွေဟာ ပိုမိုလူမျိုးရေးခွဲခြားမှုခံခဲ့ရပြီး ပေါ့ဂ်ဘာမတိုင်မီ ချယ်လ်ဆီး တိုက်စစ်မှူး အေဘရာဟမ်နဲ့ ရီးဒင်းကစားသမား မိုင်တေးတို့လည်း လူမှုမီဒီယာမှာ လူမျိုးရေးခွဲခြားအနိုင်ကျင့်ခံခဲ့ရပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ မန်ယူအသင်းက ပဲလေ့စ်ကို (၀-၁)ဂိုးနဲ့ အရေးနိမ့်နေချိန် ရရှိလာတဲ့ ပင်နယ်တီကို ကန်သွင်းခဲ့ပေမယ့် တိုင်ထိထွက်သွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဂျိမ်းစ်ရဲ့ ချေပဂိုးနဲ့ (၁-၁)ဂိုး သရေကျခဲ့ပေမယ့် နာကျင်အချိန်ပိုမှာ ပြိုင်ဘက်နောက်ခံလူ ဗန်အန်ဟော့က အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။

အဆိုပါပွဲပြီးနောက် မကြာခင် တွစ်တာပေါ်မှာ ရက်ရှ်ဖို့ဒ်ကို ဦးတည်တိုက်ခိုက်တဲ့ လူမျိုးရေးခွဲခြားတဲ့ ပို့စ်တွေ အများအပြား တက်လာပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက လူမှုမီဒီယာပေါ်မှာ လူမျိုးရေးခွဲခြားတဲ့ ပို့စ်စာသားတွေ တင်တဲ့လူတွေဟာ ပရိုဖိုင်အကောင့်တုတွေနောက်ကနေ ပုန်းကွယ်နေသူတွေဖြစ်တယ်လို့့ ပြောပါတယ်။

အဆိုပါပြဿနာတွေကို "တာဝန်ရှိသူတွေအနေနဲ့ တစ်ခုခုပြုလုပ်ဖို့" ဆိုးလ်ရှားက ပဲလေ့စ်နဲ့ ပွဲအပြီးမှာ ပြောဆိုသွားပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက "ဒါက မကြုံစဖူးပါပဲ။ ကျနော်တို့ ဒါကို (လူမျိုးရေးခွဲခြားခံရမှု) ရပ်တန့်ဖို့ လိုအပ်ပါတယ်။

"'ဒီအတိုင်းပဲ သွားနေရင်တော့ ကျနော်မှာ ပြောစရာစကားလုံးတွေ မရှိရုံပါပဲ။ 'No to Racism' ကမ်ပိန်းတွေ ကျနော်တို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လူမျိုးရေးခွဲခြားတဲ့သူတွေဟာ ပရိုဖိုင်အတုတွေရဲ့ နောက်ကွယ်မှာ ပုန်းအောင်းနေတယ်။ ၂၀၁၉ မှာ ကျနော်တို့ ဒီအကြောင်းတွေပြောနေရတာက ဒါဟာ ရူးချင်စရာပါပဲ။"

ပင်နယ်တီလွဲချော်မှုနဲ့ ပတ်သက်ပြီး သူက "၂ ပွဲကစားပြီး ပင်နယ်တီ ၂ ကြိမ် လွဲချော်ခဲ့ရတာပါ။ ဒါတွေက ပွဲတစ်ပွဲရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး တစ်ခါတလေဖြစ်တတ်ပါတယ်။ အဲဒီ နေရာအနေအထားတွေမှာ ကျနော်တို့ကိုယ်ကိုင် တွန်းတင်ထားသွားမယ်ဆိုရင်တော့ ပိုပြီး ပင်နယ်တီရလာမှာဖြစ်ပြီး ကျနော်တို့ သွင်းယူပါလိမ့်မယ်။"လို့ ပြောသွားပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly