ဆိုင်ဝန်ထမ်းအမျိုးသမီး နှစ်ဦးကို ညှဉ်းပမ်းနှိပ်စက်ခဲ့သော ဆိုင်ရှင် အပါအဝင် လေးဦးကို အမှုဖွင့်

ဆိုင်ဝန်ထမ်းအမျိုးသမီး နှစ်ဦးကို ညှဉ်းပမ်းနှိပ်စက်ခဲ့သော ဆိုင်ရှင် အပါအဝင် လေးဦးကို အမှုဖွင့်

ကော့သောင်း၊ သြဂုတ် ၂၅ ။       ။ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်မှ အမျိုးသမီးဝန်ထမ်းနှစ်ဦးကို ဆိုင်ရှင်ဖြစ်သူနှင့် အလုပ်သမားတစ်ဦးတို့က ညှဉ်းပမ်းနှိပ်စက်ခဲ့မှု ဖြစ်ပွားခဲ့ပြီး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရန်ကြီးအောင်လမ်း၊ စားသောက်ဆိုင်လုပ်ငန်းပိုင်ရှင် ဒေါ်အေးဆိုသည်၊ အမျိုးသမီးနှစ်ဦးကို ဆိုင်တွင် ထမင်းချက်၊ အဝတ်လျှော်ရန် ခိုင်းစေခြင်း၊ အတင်းအဓမ္မ ပြည့်တန်ဆာအဖြစ် စေခိုင်းခြင်း၊ သတ်ပစ်မည်ဟု ခြိမ်းခြောက်ခြင်း၊ ငါးလခန့် အခန်းအတွင်း သံကြိုးဖြင့် ချည်နှောင်၊ ချုပ်နှောင်ပြီး၊ ဆံပင်များအား ကတုံး တုံးခြင်း၊ ခန္ဓာကိုယ်အား ရေနွေးပူဖြင့် လောင်းခြင်း၊ သံပြား မီးကင်၍ ကပ်ခြင်း၊ ဦးခေါင်းအား ခုံဖြင့် ရိုက်နက်ခြင်း၊ မဝလင်စွာကျွေးခြင်းနှင့် ထမင်းမကျွေးဘဲ ထားခြင်း ပြုလုပ်ခဲ့ကြောင်း နှိပ်စက်ခံခဲ့ရသော ယင်းအမျိုးသမီးနှစ်ဦးက ထွက်ဆိုထားသည်။

ထို့ကြောင့် ဒေါ်အေးနှင့် သဲသဲဆိုသူအမျိုးသမီးအလုပ်သမားတစ်ဦးအပါအဝင် မသက်ခိုင်နှင့် ဘိုဘိုဟန်ဆိုသူ နှစ်ဦး ကိုလည်း လူကုန်ကူးမှုဖြင့် ကော့သောင်းမြို့ရဲစခန်းမှ ( ပ ) ၁၇၆၄/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/ ၃၄၂/ ၅၀၆/ ၁၁၄/ ၂၄/ ၂၉/ ၃၂ တိုဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

“စားသောက်ဆိုင်ဝန်ထမ်း အမျိုးသမီးနှစ်ဦးမှာ လူ့အခွင့်ရေး ချိုးဖောက်ခံရခြင်း၊ ညှဉ်းပမ်းနှိပ်စက်မှုကို ကြီးကြီး မားမား ခံထားရခြင်း၊ လူကုန်ကူးခံထားရမှု များနေတယ်”လို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေထွန်းက ပြောသည်။

အဆိုပါ ဖြစ်စဉ်ကို ရန်ကုန်မြို့မှ တော်ဝင်ခရေပရဟိအဖွဲ့မှ လာရောက် ကူညီပေးခဲ့သည်ဟု သိရသည်။

“ကျွန်မတို့ စုံစမ်းခဲ့တဲ့ ဒီအမှုမှာ မတရားနှိပ်စက်မှုတွေ ဖြစ်သလို လူကုန်ကူးမှုလည်း မြောက်နေတာ တွေ့ရတဲ့ အတွက် ကျူးလွန်သူတွေကို ဖမ်းဆီး အရေးယူပေးဖို့ အမှုဖွင့်ခဲ့တယ်”ဟု တော်ဝင်ခရေ ပရဟိအဖွဲ့မှ ဒေါ်သင်းသင်းစိုးက ပြောသည်။

နှိပ်စက်ခံရသူ အမျိုးသမီးနှစ်ဦးအတွက် တော်ဝင်ခရေကွန်ယက်မှ ရှေ့နေ ငှားရမ်းပေးခြင်း၊ စားသောက်စရိတ် များ ကူညီထောက်ပံ့ပေးခြင်းများ ဆောင်ရွက်ပေးသွားမည့်အပြင် အမှုပြီးဆုံးပါက ရန်ကုန်မြို့ရှိ နေအိမ်သို့ ပြန်နိုင်ရန်အထိ ကူညီဆောင်ရွက်ပေးသွားမည်ဟု သိရသည်။

လက်ရှိမှာ အမျိုးသမီး နှစ်ဦးအား ကော့သောင်းမြို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန လက်အောက်ရှိ ကယ်ဆယ်ရေးစခန်းတွင် ကူညီလက်ခံပေးထားပြီး ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly