ကွဲနေတဲ့ အိမ်ထောင်ဘက်ရဲ့ ဘဏ်အကောင့်ကို အာကာသထဲကနေ လှမ်းပြီး hack လုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ နာဆာ အာကာသယာဉ်မှူး

ကွဲနေတဲ့ အိမ်ထောင်ဘက်ရဲ့ ဘဏ်အကောင့်ကို အာကာသထဲကနေ လှမ်းပြီး hack လုပ်ခဲ့တယ်လို့ စွပ်စွဲခံနေရတဲ့ နာဆာ အာကာသယာဉ်မှူး

သြဂုတ် ၂၅ ။          ။ ကွဲနေတဲ့ အိမ်ထောင်ဘက် ဖြစ်သူရဲ့ ဘဏ်အကောင့်ကို အာကာသထဲကနေ လှမ်းပြီး ဟက်လုပ်ခဲ့တယ်ဆိုပြီး နာဆာ အာကာသယာဉ်မှူး တစ်ဦး စွပ်စွဲခံနေရလျက် ရှိပါတယ်။

Anne McClain ဆိုသူ နာဆာ အာကာသယာဉ်မှူးကတော့ ယခုနှစ်စပိုင်းက နိုင်ငံတကာအာကာသစခန်းမှာ ရှိနေခဲ့စဉ် သူမရဲ့ ကွဲနေတဲ့ အိမ်ထောင်ဘက်ဖြစ်တဲ့ Summer Worden ရဲ့ ဘဏ်အကောင့်ကို အာကာသထဲကနေ လှမ်းပြီး ဟက်လုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာဖြစ်ကြောင်း NBC ရဲ့ သတင်းဌာနခွဲဖြစ်တဲ့ KPRC က ဖော်ပြပါတယ်။

McClain ကတော့ နာဆာရဲ့ ထိပ်တန်း အာကာသယာဉ်မှူး တွေအနက်က တစ်ဦးဖြစ်တယ်လို့ အာကာသ အေဂျင်စီက ဆိုပါတယ်။

Anne McClain နဲ့ Summer Worden တို့ကတော့ အမျိုးသမီးချင်း လိင်တူ လက်ထပ်ထားခဲ့ကြတာဖြစ်ပြီး ယခုအခါမှာတော့ ကွာရှင်းပြတ်စဲဖို့ လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ၆ နှစ်အရွယ် သားဖြစ်သူကို ထိန်းသိမ်းစောင့်ရှောက်ခွင့် ရဖို့ကိုလည်း နှစ်ဦးအကြား အပြိုင် ကြိုးပမ်းနေရလျက် ရှိကြောင်း Worden က KPRC ကို ပြောပါတယ်။

Worden ကတော့ သားဖြစ်သူကို In vitro fertilization (IVF) လို့ ခေါ်တဲ့ နည်းနဲ့ မွေးထားခဲ့တာဖြစ်ပါတယ်။

New York Times ရဲ့ အဆိုအရ Worden ဟာ လေတပ် ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦး ဖြစ်တယ်လို့ ဆိုပါတယ်။ သူမရဲ့ သားဖြစ်သူ အသက် ၁ နှစ်အရွယ်မှာပဲ McClain နဲ့ တွေ့ဆုံ ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ယင်းနောက် အမျိုးသမီး နှစ်ဦးဟာ ၂၀၁၄ မှာ လက်ထပ်ခဲ့ကြတယ်လို့ the Times က ဖော်ပြပါတယ်။ ယင်းနောက် သုံးနှစ်ခန့်အကြာမှာ အိမ်ထောင်ရေး အဆင်မပြေမှုတွေ စဖြစ်လာတယ်လို့ Worden က KPRC ကို ပြောပါတယ်။

“ ကျွန်မ သားကို အတတ်နိုင်ဆုံး ကာကွယ်သွားပါမယ်၊ ဒါက ကျွန်မရဲ့ နံပါတ်တစ်ဦးစားပေးကိစ္စပါ” လို့ Worden က ပြောပါတယ်။

ယခုနှစ်စပိုင်းမှာ အာကာသယာဉ်မှူး McClain ဟာ  အာကာသစခန်းမှာ ရှိစဉ်  Worden ရဲ့ ဘဏ်အကောင့်ကို လှမ်းပြီး ဟက်ခဲ့တယ်လို့ သိရပါတယ်။

“ ကျွန်မ ဘဏ်အကောင့်တွေကို သူ ဟက်ထားခဲ့တဲ့  အထောက်အထားတွေရှိတယ်လို့ ဘဏ်က ကျွန်မရဲ့ရှေ့နေတွေကို ပြောခဲ့ပါတယ်၊ ကျွန်မ တော်တော်လေး လန့်သွားခဲ့တယ်၊ သူ့ရဲ့ ရဲတင်းမှုကြောင့်လည်း တော်တော် တုပ်လှုပ်ခဲ့ရပါတယ်၊ နောက်ပြီး အရာရာတိုင်းကို ကိုယ်ပိုင် သီးသန့် မထိန်းသိမ်းထားနိုင်ခဲ့တဲ့အတွက် စိတ်ပျက်မိပါတယ်” ဟု Worden က ပြောပါတယ်။

အဆိုပါ ဘဏ်အကောင့်လုံခြုံရေး ကျိုးပေါက်မှု ကိစ္စနဲ့ပတ်သက်လို့ ယခုနှစ် ဇူလိုင်လတုန်းကလည်း Worden ရဲ့ ရှေ့နေတွေက နာဆာရဲ့ စုံစမ်းစစ်ဆေးရေးအရာရှိချုပ်ရုံးထံ စာရေးသား တိုင်တန်းခဲ့တယ်လို့ သိရပါတယ်။

ယခု ကိစ္စနဲ့ပတ်သက်လို့ McClain ဟာ မိသားစုရဲ့ ငွေရေးကြေးရေး ပိုင်း အဆင်ပြေမပြေ သိရဖို့ အကောင့်ကို စစ်ကြည့်ရုံသာဖြစ်တယ်လို့ McClain ရဲ့ ရှေ့နေဖြစ်သူ Rusty Hardin က The New York Times ကို ပြောသွားပါတယ်။

ယခု ဖြစ်စဉ်နဲ့ပတ်သက်လို့ နာဆာဘက်ကတော့ McClain ဟာ ထိပ်တန်း အာကာသယာဉ်မှူးဖြစ်ကြောင်းသာ ချီးကျူးခဲ့ပြီး သူမ၏ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပတ်သက်လို့ မှတ်ချက်မပေးလိုကြောင်း ထုတ်ပြန်သွားပါတယ်။

တစ်ဆက်တည်းမှာပဲ McClain ဟာ ၂၀၁၈ ဒီဇင်ဘာ ၃ ရက်က အာကာသထဲကို ထွက်ခွာသွားခဲ့ပြီး ၂၀၁၉ ဇွန်လ ၂၄ မှာ ကမ္ဘာမြေကို ပြန်ရောက်ခဲဲ့တယ်လို့ဖြည့်စွက်ပြောကြားသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly