လူသိနည်းတဲ့ အိပ်ရေးဝဝအိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေ

လူသိနည်းတဲ့ အိပ်ရေးဝဝအိပ်စက်ခြင်းရဲ့ ကောင်းကျိုးတွေ

ရေးသားသူ Ye Myo Myat
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ညအိပ်ချိန် ပြည့်ဝစွာရှိခြင်းဟာ လူတိုင်းအတွက် အရေးကြီးပါတယ်။ ကိုယ်က ညဘက်မှာ ကောင်းကောင်းအိပ်စက်အနားယူနိုင်မှ နောက်တစ်နေ့ နိုးလာတဲ့အခါ လူကလန်းဆန်းတက်ကြွနေပြီးတော့ အားအင်အပြည့်အဝရှိနေမယ်။ ကိုယ်တွင်းအင်္ဂါတွေလည်း ကောင်းစွာ လည်ပတ်အလုပ်လုပ်နိုင်လို့ ကျန်းမာစေနိုင်တယ်ဆိုတာ တော်တော်များများ သိထားမယ်လို့ ထင်ပါတယ်။

ဒါပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့တွေဟာ အိပ်ချိန်နည်းလာကြတယ်။ ညကို နောက်ကျမှအိပ်လာကြတယ်။ မနက်နဲ့ ညအိပ်ချိန် မှားယွင်းလာကြတယ်။ အဲ့တော့ ဘာဖြစ်သလဲ၊ သဘာဝက ပုံမှန်လည်ပတ်ဖို့ ဖန်တီးထားတဲ့ ဂေဟစနစ်က ပျက်စီးလာတော့တာပေါ့။ ဒါကြောင့် ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အိပ်ချိန်ကို မလျှော့လိုက်ပါနဲ့။ အိပ်ချိန်လျော့လျင် အသက်ပါမြန်မြန်တိုတတ်တယ်ဆိုတာ သတိပြုပေးပါ။ ခုဆောင်းပါးမှာ လူတွေထင်မထားလောက်တဲ့ ပြည့်ဝစွာအိပ်စက်အနားယူခြင်းရဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁။ နေ့ရက်တိုင်းဟာ ပိုပြီး ပျော်ရွှင်စရာကောင်းလာမယ်။
ဒီအချက်က တိုက်ရိုက်ကော သွယ်ဝိုက်ပြီးတော့လည်း မှန်ကန်ပါတယ်။ လူတစ်ယောက်က အိပ်ချိန်ပြည့်ဝနေရင် လန်းဆန်းတက်ကြွနေမယ်၊ အားအင်တွေ ပြည့်ဝနေမယ်၊ စိတ်က ကြည်လင်နေပြီး တော်ရုံစိတ်ဖိစီးမှုလောက်ကို ဖြုံတော့မှာမဟုတ်ပါဘူး။ နောက်တစ်ခါ စိတ်က ကြံ့ခိုင်သွားတဲ့အခါ ကြုံလာသမျှ အခက်အခဲတွေကို ကောင်းကောင်းရင်ဆိုင်ဖြေရှင်းသွားနိုင်တယ်။ ဘဝက စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ အရာရာ အောင်မြင်လာတဲ့အခါ နေ့ရက်တိုင်းက ပျော်ရွှင်စရာကောင်းလာတယ်လို့ ကိုယ်တိုင်သိနားလည်လာပါလိမ့်မယ်။

၂။ ကိုယ်အလေးချိန်ကို ကျစေတယ်။
လူတိုင်းမှာ သူ့အသက်အရွယ်အလိုက် ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်အတိုင်းအတာ တစ်ခုရှိပါတယ်။ အဲ့ထက်ပိုလာမယ်ဆိုရင်တော့ အဝလွန်တယ်၊ ကိုယ်အလေးချိန်များလွန်းတယ်လို့ ယူဆလို့ရတာပေါ့။ အဝလွန်တာက ကိုယ့်ကိုယ်ကိုယ် ကြည့်ရဆိုးစေတယ်လို့ ထင်ရစေနိုင်သလို နောက်ဆက်တွဲအနေနဲ့လည်း နှလုံး၊ သွေးတိုး၊ ဆီးချို၊ အာရုံကြောနဲ့ သက်ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်တယ်နော်။ လူတစ်ယောက်က အိပ်ချိန်ပြည့်ဝနေတဲ့အခါ ကိုယ်တွင်းမှာရှိတဲ့ အဆီပိုတွေ၊ ကယ်လိုရီတွေကို လောင်ကျွမ်းမှုပိုဖြစ်စေတယ်။ အားကစား၊ လေ့ကျင့်ခန်းလုပ်ရာမှာလည်း ပိုမိုအားစိုက်ထုတ်နိုင်စေတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ရောက်အောင် ထိန်းပေးထားနိုင်တဲ့အတွက် အဝလွန်နေတဲ့သူတွေရော၊ ပိန်တဲ့သူတွေပါ အိပ်ချိန်ကို သေချာဂရုစိုက်သင့်ပါတယ်။

၃။ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတယ်။
အိပ်စက်ခြင်းဟာ ဇီဝကမ္မပြောင်းလဲမှုဖြစ်စဉ်ကို ပုံမှန်လည်ပတ်စေပြီး လူကိုကျန်းမာစေတယ်။ လူတိုင်းကတော့ တစ်နေ့အိုကြမှာပါပဲ။ ဒါက ရှောင်လွှဲလို့မရတဲ့ လောကတရားပါ။ ဒါပေမယ့်လည်း ဘယ်သူကမှတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အဘိုးကြီး၊ အဘွားကြီးတွေလို ကြည့်လိုက်တာနဲ့ အားမရှိ၊ နုံးချိနေပြီး တစ်ခုခုလုပ်လိုက်တာနဲ့ မောပန်းနေတာ၊ အရေးအကြောင်းတွေ တွန့်နေတာ ဖြစ်ချင်ပါ့မလဲ။ ဒါဆိုရင် အိပ်ချိန်မှန်အောင် သေချာဂရုစိုက်ပါ။ အိပ်ချိန်အနည်းဆုံး ရနာရီရှိတဲ့အခါ ကိုယ်ခန္ဓာအတွင်းပိုင်းသာမက အပြင်ဘက် အရေပြားအလှအပမှာလည်း သိသာထင်ရှားတဲ့ ရလဒ်ကို တွေ့ရမှာဖြစ်ပါတယ်။

၄။ ကြည့်လိုက်တာနဲ့ လူတစ်ဖက်သားကို ဆွဲဆောင်မှုရှိစေတယ်။
ပြစ်မျိုးမှဲ့မထင် လှပတဲ့ ဆွဲဆောင်မှုမျိုးရဖို့ စျေးအရမ်းကြီးတဲ့ အမှတ်တံဆိပ်အလှကုန််တွေ သုံးမယ့်အစား ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ညဘက်မှာ အိပ်ရေးဝဝအိပ်နိုင်ဖို့ကိုပဲ ဂရုစိုက်ပေးပါ။ လူကလည်း ကျန်းမာနေမယ်၊ အသားအရေကလည်း ဝင်းပနေမယ်၊ ကြည့်လိုက်တာနဲ့ ထိုင်းမှိုင်းတာမျိုးမဟုတ်ဘဲ အများအလယ်မှာ ထင်းကနဲ ဆွဲဆောင်မှုရှိတယ်လို့ ထင်ရစေမှာ အသေအချာပါပဲ။

၅။ မှတ်ဉာဏ် ပိုကောင်းလာမယ်။
ငယ်ငယ်ရွယ်ရွယ်နဲ့ မေ့တတ်တဲ့အကျင့်ရှိလား၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အလုပ်ခွင်မှာ ပိုပြီးအာရုံစူးစိုက်နိုင်ချင်လား၊ တွေးခေါ်ကြံဆတဲ့ ဉာဏ်တွေ ထက်မြက်စေချင်လား။ အရင်ဆုံး အိပ်ချိန်ကို ပြည့်ဝစွာ အိပ်စက်အနားယူလိုက်ပါ။ အိပ်ချိန်ပြည့်တာနဲ့အမျှ ဦးနှောက်ဟာ ကျန်းမာသွက်လက်နေပြီး ကိုယ့်ရဲ့ တွေးခေါ်နိုင်မှုစွမ်းရည်တွေကို မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် အာရုံကြောစနစ်ကို အားကောင်းစေလို့ အသက်ငယ်ငယ်လေးနဲ့ မျက်စိမှုန်တာ၊ အယ်လ်ဇိုင်းမားရောဂါဖြစ်တာ၊ အာရုံကြောအားနည်းတာကိုလည်း ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

ကဲ ဒါဆိုရင် ဒီနေ့ကစပြီးတော့ ညဘက်တွေကို အချိန်မှန်မှန် ပြန်အိပ်ဖို့နဲ့ တစ်နေ့အိပ်ချိန် ၈နာရီလောက်ရှိဖို့ အကျင့်ပြန်မွေးလိုက်ကြရအောင်နော်။ ကိုယ့်ဘက်ကသာ ပြောင်းလဲလိုစိတ်ရှိမယ်ဆိုရင် ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ကျန်းမာရေးဟာ အချိန်တိုအတွင်းမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုရလဒ်ကို ခံစားရမှာဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly