အကျဉ်းသားတစ်ဦး၏ ထိုးကြိတ်၊ ရိုက်နှက်မှုကြောင့် အောင်သပြေရွာသား သေဆုံးခဲ့ရခြင်းဖြစ်

အကျဉ်းသားတစ်ဦး၏ ထိုးကြိတ်၊ ရိုက်နှက်မှုကြောင့် အောင်သပြေရွာသား သေဆုံးခဲ့ရခြင်းဖြစ်
  အောင်သပြေရွာသား ဒဏ်ရာရရှိကာ သေဆုံးမှု မှတ်တမ်းကို ဩဂုတ်လ ၂၄ရက်တွင် ရဲတပ်ဖွဲ့က ရှင်းလင်းနေစဉ်(ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ)

မန္တလေး(ဩဂုတ် ၂၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ လွန်ခဲ့သည့် နှစ်လကျော်က အိုးဘိုထောင်အတွင်း သေဆုံးသွားသည့် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာသား ကိုထွန်းမြင့်ဝင်းသည် အခြား အကျဉ်းသားတစ်ဦး၏ ထိုးကြိတ်၊ ရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဒုတိယတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကိုကိုလွင်က ပြောကြားသည်။

မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ် ၁၅နှစ် ချမှတ်ခံထားရသူ အမျိုးသားတစ်ဦးက ထိုးကြိတ်၊ ရိုက်နှက်သဖြင့် ကိုထွန်းမြင့်ဝင်း သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောဆိုပြီး အဆိုပါ အမျိုးသားကို လူသတ်မှုဖြင့် တရားစွဲထားသလို အခင်းဖြစ်သည့်နေ့က တာဝန်ကျ အကျဉ်းထောင်ဝန်ထမ်းများကိုလည်း ဌာနတွင်း စုံစမ်း၊ စစ်ဆေးကာ အရေးယူမှုများ လုပ်နေသည်ဟု ရဲမှူးကြီး ကိုကိုလွင်က ပြောသည်။

သေဆုံးခဲ့ရသူ ကိုထွန်းမြင့်ဝင်းသည် အခင်းဖြစ်ညပိုင်းက အရက်ကြောင်ပြီး ထောင်ထဲတွင် ပတ်ပြေးသလို သံတိုင်များကို ကိုင်ဆောင်ကာ အောင်ဟစ်ခဲ့သည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးတွင် ဩဂုတ်လ ၂၄ရက်၊ မွန်းလွဲပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့က ပြောဆိုသည်။

“အဲ့ဒီမှာ ကြီးကြပ်အဖြစ် တာဝန်ပေးထားတဲ့ အကျဉ်းသား မြတ်ကိုဦးက မလုပ်ဖို့ ပြောရင်းနဲ့ တုတ်နဲ့ ရိုက်တာ လုပ်တယ်။ တုတ်က ကျိုးသွားတဲ့အတွက် သူက နှစ်ချောင်းပူးချည်ထားတဲ့ ပိုက်ပျော့နဲ့ ထပ်ရိုက်တယ်။ ပြီးတော့ လည်ပင်းကို လက်နဲ့ချုပ်ပြီး ထိုးကြိတ်တာတွေ လုပ်တယ်” ဟု ရဲမှူးကြီး ကိုကိုလွင်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

လည်ပင်းကို ချုပ်ကိုင်ကာ ထိုးကြိတ်မှုကြောင့် လည်ပင်းအတွင်းမှ သွေးများ ဦးနှောက်အတွင်းရောက်ရှိပြီး သွေးခဲကာ သေဆုံးရခြင်းဖြစ်သည်ဟု မှုခင်းဆရာဝန်နှင့် စုံစစ်စစ်ဆေးရေးအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်ဟုလည်း ရဲက ဆိုသည်။

ကျောက်မီးသွေး စွမ်းအင်သုံး ဘိလိပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်မှုတွင် ပါဝင်သည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ ၄၃၆/၄၄၀/၃၃၆/၁၁၄ တို့ဖြင့် အိုးဘိုထောင်တွင် ဖမ်းဆီး၊ ထိန်းသိမ်းခံရပြီး သုံးရက်အကြာ ဇွန်လ ၅ရက်၊ နံနက်ပိုင်းတွင် ကိုထွန်းမြင့်ဝင်း သေဆုံးသွားခြင်း ဖြစ်သည်။

ကိုထွန်းမြင့်ဝင်းသည် အရက်ကြောင်ရောဂါဖြင့် သေဆုံးရခြင်းဖြစ်သည်ဟု မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)တာဝန်ရှိသူများက ကနဦး ထုတ်ပြန်ခဲ့သေးသည်။

ယင်းနောက် အဖြစ်မှန်ကို ဖော်ထုတ်ပေးရန် သေဆုံးသူ၏ မိသားစုက မန္တလေးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ တောင်းဆိုခဲ့သည်။

အောင်သပြေကျေးရွာအနီးတွင် မြင့်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီမှ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလိပ်မြေစက်ရုံ တည်ဆောက်နေမှုအား ဒေသခံများက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု၊ လေထုညစ်ညမ်းမှုတို့ ဖြစ်ပေါ်မည်ကို စိုးရိမ်၍ ကန့်ကွက်ခဲ့ကြသည်။

အောင်သပြေရွာသူ၊ ရွာသားများသည် စက်ရုံ၏ ယာဉ်၊ ယန္တယားများ အသွားအလာ ပြုလုပ်သည့် လမ်းကို ပိတ်ဆို့တားဆီးရာမှ ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းပြီး တောင်သူနှစ်ဦးနှင့် သတင်းထောက်တစ်ဦး ဖမ်းဆီးခံခဲ့ရသည်။

ထို့ကြောင့် ရွာသားအချို့က ကုမ္ပဏီခြံဝင်း အတွင်းရှိ ကားနှစ်စီးနှင့် အဆောက်အဦ တချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါ ရုန်းရင်းဆန်ခတ်မှု နောက်ဆက်တွဲအဖြစ် အောင်သပြေရွာသား (၄၀)ဦးခန့်ကို ပုဒ်မအသီးသီးဖြင့် အမှုဖွင့် အရေးယူထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required