ရှစ်လတာ ကာလအတွင်း မူးယစ်ဆေးဝါး ကျပ် ၂၁၇ ဒသမ ၈၅ ဘီလီယံကျော်ဖိုး ဖမ်းဆီးနိုင်ခဲ့

ရှစ်လတာ ကာလအတွင်း မူးယစ်ဆေးဝါး ကျပ် ၂၁၇ ဒသမ ၈၅ ဘီလီယံကျော်ဖိုး ဖမ်းဆီးနိုင်ခဲ့
ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ သြဂုတ် ၂၄ ။             ။ တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား နှိမ်နင်းဖမ်းဆီးလျက်ရှိရာ ယခုနှစ် ရှစ်လတာ ကာလအတွင်း မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၇ ဒသမ ၈၅ ဘီလီယံကျော်ဖိုး ဖမ်းဆီးနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ သြဂုတ်လ ၁၅ ရက်နေ့အထိ ဘိန်းဖြူ ၁၇၁ ဒသမ ၇၅၈ ကီလို၊ ဘိန်းဘိမ်း ၂၃၉ ဒသမ ၆၄၁၆ ကီလို၊ ဘိန်းမဲ ၆၀ ဒသမ ၇၅၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၄၄၂၉၅၈၈၈ ပြား၊ အိုက်စ် ၅၀၆၉ ဒသမ ၉၁၂ ကီလိုနှင့် အခြားဆက်စပ်ပစ္စည်း ၁၀၈၄၈ ဒသမ ၁၃ ကီလိုအပါအဝင် စုစုပေါင်း မူးယစ် ဆေးဝါး ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၁၇ ဒသမ ၈၅ ဘီလီယံ) ကျော်အား တပ်မတော်မှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထို့အပြင် သြဂုတ်လ ၂၂ ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့နယ် နားပွဲကျေးရွာ၏ အရှေ့တောင် ဘက်မီတာ ၁၀၀၀ ခန့်အကွာ၌ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် မိုးကာတဲ ၁၀ လုံး၊ ရေခဲသေတ္တာ ၁၄ လုံး၊ စတီးပေါင်းအိုး ၁၃ လုံး၊ အိုက်စ်ထည့်သည့်ဗန်း ၇ ဗန်း၊ ဂက်စ်အိုး ၇၅၇ လုံး၊ အက်ဆစ်ပုံး ၇၀၈ လုံး၊ ကြိတ်စက် ၁ လုံး၊ ဆီတိုင်ကီ ၅ လုံး၊ မီးစက်ကြီး ၁ လုံး၊ ဒီဂျစ်တယ်ကတ္တား ၃ လုံး၊ ဆေးချက်ပေါင်းအိုး ၁၄ လုံး၊ ကော်ဇလုံ ၁၀၇ လုံး၊ ဟိုက်ဒရိုကလိုရစ် အက်ဆစ်များ ထည့်ထား သည့် သံပေပါ ၅၈ လုံး၊ ပေပါအခွံ ၁၁၀ လုံး၊ အိုက်စ် ၁၅၀ လီတာဆံ့ ၁ ပုံးနှင့် မော်တော်ယာဉ် ၁ စီး တို့ကို လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက ပိုင်ရှင်မဲ့ ဖမ်းမိခဲ့သည်။

အဆိုပါ သြဂုတ် ၂၂ ရက် ညနေ ၅ နာရီခန့်တွင် ယင်းနေရာ၏ တောင််ဘက် မီတာ ၇၀၀ ခန့် အကွာ၌ ဘိန်းဖြူ မှုန့်နှင့် ဘိန်းခဲ ၄ ဒသမ ၅ ကီလိုဂရမ်၊ WY စိတ်ကြွရူးသွပ်ဆေးပြားအမှုန့် ၁၈ ဒသမ ၁၄ ကီလိုဂရမ်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၁၀၀၀ ပြား၊ ဘိန်းမဲအရည် ၂၀ ဂါလန်၊ ဂက်စ်အိုး ၂ လုံး၊ ဆေးပြားရိုက်စက် ၂ လုံး၊ ဆေးမွှေစက် ၂ လုံး၊ အက်ဆစ်အရည်ထည့်ထားသည့် ပေပါ ၃ လုံး၊ ဆေးချက်ကန် ၆ ကန်၊ မိုးကာတဲ ၅ လုံး၊ အရက်ပြန် ၁၀ လီတာ၊ အနံ့ဆေးဗူး(အကြီး/အသေး)၁၈ ဗူး၊ ဆေးဗူးမျိုးစုံ ၅၉ ဗူးနှင့် CCL တံဆိပ်ပါ အဖြူ ရောင် အတုံး ၂၀ တုံးတို့အား ပိုင်ရှင်မဲ့ ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် ခဲ့သည်။

ထိုသို့ ဖမ်းဆီးမှုများဖြစ်ပြီးနောက် သြဂုတ်လ ၂၃ ရက် နံနက် ၁ဝနာရီခန့်တွင် မူးယစ်ဆေးဝါး ချက်လုပ်ရေး စခန်းမှ တိမ်းရှောင်လာသူများဟု သံသယရှိသော ပန်ကေတု၊ ဝမ်ဖွန်း နှင့် မက်လန်းကျေးရွာ အနီးမှ  မသင်္ကာ ဖွယ်လူ ၃၉ ဦးကို တွေ့ရှိရ၍ သက်ဆိုင်ရာမှ လိုအပ် သည့် စစ်ဆေးမှုများ ပြုလုပ်နိုင်ရေး ဆောင်ရွက် နေကြောင်း သိရသည်။

ထို့နောက် သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင်ပင် နောင်ပိန်းကျေးရွာတဝိုက်၌ အသေးစိတ် ထပ်မံ ရှင်းလင်း ရှာဖွေခဲ့ရာ ၁၁ နာရီခန့် တွင် ကျေးရွာ၏ အရှေ့ဘက်မီတာ  ၁၅၀၀ အကွာ၌ သွပ်မိုးတဲ ၅ လုံး၊ WY စိတ်ကြွ ဆေးပြားများထည့်ထားသည့် ဆာလာအိတ် ၂၇ အိတ် (ဆေးပြား အရေအတွက်စိစစ်ဆဲ)၊ မူးယစ် ဆေးဝါး ရိုက်စက် ၄ လုံး၊ ဆေးစပ်စတီးဗန်း ၁၀ ဗန်း၊ ဂက်စ်အိုး ၆၀၀ လုံး၊ ပွိုင့် ၂၂ သေနတ်  ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ ကြိုးဆွဲလက်ပစ်ဗုံး ၄၆ လုံး၊ ၇ ဒသမ ၆၂ ကျည် ၃၆၀ တောင့်၊ မော်တော်ယာဉ် ၄ စီးနှင့် ဆက်စပ် ပစ္စည်းများအား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း တပ်ချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိထားသော လက်နက်/ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို နမ့်စန်မြို့ရှိ မူးယစ်တပ်ဖွဲ့စုသို့ လွှဲပြောင်းအပ်နှံကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်မည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly