လက်နက်ကြီးကျည် ကျရောက်ပြီး သုံးဦးသေဆုံးမှု မည်သည့်ဘက်မှ ကျည်ဟု မသိရသေး

လက်နက်ကြီးကျည် ကျရောက်ပြီး သုံးဦးသေဆုံးမှု မည်သည့်ဘက်မှ ကျည်ဟု မသိရသေး

ရန်ကုန်၊ သြဂုတ် ၂၄ ။            ။ မင်းပြားမြို့နယ်၊ ပန်းမြောင်းရှိ စာသင်ကျောင်းရပ်ကွက်ထဲသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲမှု ကြောင့် ၁၀ တန်းကျောင်းသူတစ်ဦးနှင့် ကလေးငယ် နှစ်ဦး နေရာတွင် သေဆုံးခဲ့သည်ဟု မင်းပြားမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်အမတ် ဦးလှသိန်းအောင်က မဇ္စျိမကို အတည်ပြုပြောဆိုသည်။

ယနေ့ သြဂုတ် ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီခန့်တွင် ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရသူ အရပ်သား ခုနစ်ဦးခန့်( တစ်ဦး စိုးရိမ်ရ) ကို မြောက်ဦးဆေးရုံသို့ ပို့ဆောင်ရန် စီစဉ်နေသည်ဟု သိရသည်။

 “နေအိမ် ပေါ်ကျတယ်။ အိမ် နှစ်အိမ်ကြားကို ကျတာဖြစ်တဲ့အတွက် ဟိုဘက်အိမ်ရော၊ ဒီဘက်အိမ်ရော သေတာ ရှိတယ်။ ဒဏ်ရာရတာ ရှိတယ်။ သေတာကတော့ သုံးယောက် သေတယ်။ ခုနစ်ယောက်လောက် ဒဏ်ရာရတယ်။ ဒဏ်ရာ ရတဲ့ထဲကဆိုရင် လက်ဖြတ်ရမဲ့ အမျိုးသမီးတစ်ယောက်ဆို တော်တော် အခြေအနေဆိုးတယ်။ သေတာတောင်မှ သေနိုင်တယ်ပြောတယ်” ဟု ဦးလှအောင်သိန်းက ဆိုသည်။

နှစ်ဖက်လက်နက်ကိုင်အဖွဲ့များအနေဖြင့် လက်နက်ကြီးများ ပစ်ခတ်မည်ဆိုပါက အရပ်သားပြည်သူလူထုနှင့် အလှမ်းဝေးသည့်နေရာတွင် လုပ်ဆောင်စေလိုကြောင်းလည်း ၎င်းက အကြံပြုပြောဆိုသည်။

ယခုကဲ့သို့ စာသင်ကျောင်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည့်လက်နက်ကြီးကျည်သည် တပ်မတော်ဘက်မှ ပစ်ခတ်ခဲ့သည်ဟု  အမည်မဖော်လိုသူဒေသခံတစ်ဦးမှ မဇ္စျိမသို့ပြောသည်။

ထို့ပြင် လက်နက်ကြီးကျည် ရွာအတွင်း မကျရောက်မီ လက်နက်ကြီးကျည် ၇ လုံးခန့်ကို တပ်ဖက်မှ သြဂုတ် ၂၄ ရက်နေ့တွင် ပစ်ခတ်ခဲ့သေးကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးကို မဇ္စျိမမှနေ၍ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာ ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးသော်လည်း တပ်ဘက်မှ ပစ်ခတ်သည့်ကျည် မဖြစ်နိုင်ကြောင်း ဆိုသည်။

“ကျွန်တော်တို့တပ်က ရွာထဲမှာပဲ ရှိတယ်။ ရွာထဲကပစ်တဲ့ လက်နက်ကတော့ ရွာထဲကိုကျစရာအကြောင်း မရှိဘူး။ ကျွန်တော်တို့ ပစ်တဲ့နေရာကို သောင်းကျန်းသူက ပြန်ပစ်ပြီးတော့မှ သောင်းကျန်းသူဘက်က ကျတဲ့ကျည်ရော မဖြစ်နိုင်ဘူးလား။ ကျွန်တော်တို့တပ်ကနေ ပစ် တဲ့ကျည်ပါဆိုပြီး ဘာအထောက်အထားနဲ့ ပြောတာလဲ။ သောင်းကျန်းသူကလည်း ကျွန်တော်တို့ကို လှမ်းပစ်နေတာပဲ” ဟု ၎င်းက တုံ့ပြန်ပြောဆိုသည်။

ထို့ကြောင့် တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားနေသည့် ရက္ခိုင့်တပ်(AA) သို့ မဇ္စျိမမှ သြဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်း ၁၂ မှစတင်ကာ နေ့လယ် ၂ နာရီခန့်အထိ ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းဖြေဆိုခြင်း မရှိသေးပေ။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာ အရှေ့ဘက် သရက်ချောင်းကျေးရွာအနီးတွင် သြဂုတ် ၂၃ ရက် ၊ နံနက်ပိုင်းကတည်းက တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲဖြစ်ပွားနေခြင်းလည်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဆက်တိုက်ဆိုသလိုဖြစ်ပွားနေသည်မှာ အချိန် ၈ လခန့်ကြာမြင့်နေပြီဖြစ်ပြီး အရပ်သားသေဆုံးမှုမှာ ၇၃ ဦးကျော်အထိရှိလာပြီ ဖြစ်သည်။ ထို့ပြင် အဆိုပါတိုက်ပွဲများကြောင့် အရပ်သား ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ဘေးရှောင်ဦးရေမှာလည်း ခြောက်သောင်းကျော်လာခဲ့ပြီး တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly