ရေဘေးကူညီရေးဗီနိုင်းကပ် ကားပေါ်မှ သစ်များတရားမဝင် သယ်ဆောင်လာသည်ကို ဖမ်းမိ

ရေဘေးကူညီရေးဗီနိုင်းကပ် ကားပေါ်မှ သစ်များတရားမဝင် သယ်ဆောင်လာသည်ကို ဖမ်းမိ
ဓာတ်ပုံ - သက်ဦး

သထုံ ၊ သြဂုတ် ၂၄ ။     ။ မွန်ရေဘေးသင့်ကယ်ဆယ်ရေးဗီနိုင်းကပ်ထားသော ခြောက်ဘီးကားပေါ်မှ တရားမဝင် ပျဉ်းကတိုးသစ်များကို မွန်ပြည်နယ်၊ သထုံမြို့ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်တွင် တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သထုံမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ ယာဉ်မောင်း ဦးမြင့်ဇော် (ခ)ကိုချောကြီး၊ ယာဉ်နောက်လိုက် သုံးဦးတို့ လိုက်ပါလာသည့် ခြောက်ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ သစ်များ ပါရှိနေပြီး သစ်များနှင့်ပတ်သက်သော စာရွက်စာတမ်းတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိသဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ တိုင်းတာ စစ်ဆေးခဲ့သည်။

သစ်ပျဉ်းကတိုး (လျှာထိုးပျဉ် - ၃×၁/၂)ဆိုဒ်စုံ ၃၂၀၀ ချောင်း၊ ၃.၆၅၇၂ တန်၊ သိန်း ၃၀ ကျော်ခန့် တန်ဖိုး ရှိကြောင်း ရဲစစ်ဆေးချက်မှတ်တမ်းများတွင် ဖော်ပြထားသည်။

“သတင်းရလို့ သထုံခရိုင် မှုခင်းနှိမ်နင်းရေးဌာနက သွားစောင့်ဖမ်းတာပါ၊ မွန်ရေဘေးအလှူကားဆိုပြီး ဗီနိုင်းကပ်ထားပြီး လာမယ်လို့လည်း ကြိုမသိခဲ့ပါဘူး။ ရေဘေးကယ်ဆယ်ရေးကို အကြောင်းပြပြီးတော့ တင်လာတာပေါ့” ဟု သထုံမြို့မရဲစခန်းမှူး ဒုရဲမှူးဇော်မင်းထွန်းက ပြောသည်။

ပျဉ်းကတိုးသစ်များ တရားမဝင် တင်ဆောင်လာသည့်ကားပေါ်တွင် ခေတ်ရှေ့ဆောင်ပရဟိတအဖွဲ့ မွန်ရေလေဘေး သင့်ကယ်ဆယ်ရေးဗီနိုင်း ကပ်ထားသည့်အတွက် အဆိုပါအဖွဲ့မှ ဟုတ်/မဟုတ်ကို ချိတ်ဆက်ကာ စုံစမ်းမေးမြန်းသွားမည်ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် ပျဉ်းကတိုးသစ်များ တရားမဝင် သယ်ဆောင်မောင်းနှင်လာသူနှင့် ယာဉ်နောက်လိုက်များကို သစ်တောဥပဒေဖြင့် သထုံမြို့မရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly