YBS ယာဉ်များကို မသန်စွမ်းသူများအသုံးပြုနိုင်ရန် စီစဉ်ပေးသင့်ဟု မြန်မာနိုင်ငံမသန်စွမ်းသူများအသင်း ချုပ်ဆို

YBS ယာဉ်များကို မသန်စွမ်းသူများအသုံးပြုနိုင်ရန် စီစဉ်ပေးသင့်ဟု မြန်မာနိုင်ငံမသန်စွမ်းသူများအသင်း ချုပ်ဆို

ရန်ကုန်၊ သြဂုတ် ၂၄ ။             ။ မသန်စွမ်းသူများအတွက် သီးသန့်ယာဉ်လုပ်ဆောင်ရန်မလိုအပ်သော်လည်း  YBS ယာဉ်များကို မသန်စွမ်း သူများ အသုံးပြုနိုင်ရန် စီစဉ်ပေးသင့်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၏ ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က ပြောသည်။

“မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်အနေနဲ့ ကျွန်တော်ပြောပါမယ်။ ကျွန်တော်တို့ မသန်စွမ်းသူတွေ အတွက်ကို သီးသန့်ယာဉ်မလိုပါဘူးဗျ။ သီးသန့်ယာဉ်လုပ်ရင် သီးသန့်မသန်စွမ်းက ဘယ်လောက်စီးနိုင်မှာ မို့လို့လဲ။ ဘယ်လောက်များများစီးမှာမို့လို့လဲ။ ပုံမှန်ယာဉ်တွေမှာပဲ မသန်စွမ်းတွေ စီးတဲ့အခါမှာ အဆင်ပြေ အောင် အချိန်ကြာကြာလေးရပ်ပေးဖို့၊ ဝှီးချဲသမားတွေ တက်လို့ ရအောင်လုပ်ပေးဖို့ပါ” ဟု ၄င်းက ပြောသည်။

မြန်မာနိုင်ငံ၌ ၂ဝ၁၅ ခုနှစ်ကတည်းက ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သော မသန်စွမ်းသူများ၏ အခွင့် အရေးဥပဒေ(UNCRPD)၏ အခန်း(၇) တွင် မသန်စွမ်းသူများ လွယ်ကူစွာသွားလာနေထိုင်အသုံးပြုရေးဟု ပါရှိပြီး အများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်များတွင်မသန်စွမ်းသူများလွယ်ကူစွာစီးနင်းလိုက်ပါနိုင်ရေးအတွက်လိုအပ်သည်များစီစဉ်ပေးခြင်းဟုပါရှိသည်။သို့သော်လည်းလက်ရှိအများပြည်သူသုံးသယ်ယူပို့ဆောင်ရေးယာဉ်(YBS)များတွင် မသန်စွမ်းသူများအတွက် အခက်အခဲရှိနေသေးကြောင်း သိရသည်။

 “အခုဆို YBS တွေ ရှိတယ်။ ဒါပေမယ့် အဲ့ YBS တွေကို ကျွန်တော်တို့လို မသန်စွမ်းသူတွေအနေအထားနဲ့ လွယ်လင့်တကူစီးနိုင်ဖို့၊ ဝှီးချဲသမားတွေဆို YBS ကို တက်ဖို့ အခက်အခဲရှိတာပေါ့”ဟု တွံတေးမြို့နယ်၊ မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးသန်းထူးက ပြောသည်။

၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူဦးရေ ၇ သန်းကျော်မှ ၃ ဒသမ ၄ ရာခိုင်နှုန်းသည် မသန်စွမ်းသူများဖြစ်ပြီး YBS ယာဉ်များတွင် မသန်စွမ်းသူများ အဆင်ပြေစွာ သွားလာ နိုင်ရန် မျက်မမြင်များအတွက် မှတ်တိုင်များကို အသံကြားနိုင်အောင် စီစဉ်ပေးခြင်း၊ နားမကြား သူများအတွက် အချက်ပြမီးဖြင့် သိရှိစေခြင်း၊ ဝှီးချဲဖြင့် သွားလာနေရသူများအတွက် အတက်အဆင်း လှေကား များကို စီစဉ်ပေးခြင်းများ စသဖြင့် ထည့်သွင်းပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်း ချုပ်က ပြောသည်။

“ဒီကားတွေ ရာနဲ့ချီ၊ ထောင်နဲ့ချီ သွင်းတဲ့အချိန် ကျွန်တော်တို့အတွက် ဘာလို့များ ထည့်သွင်းမစဉ်းစားခဲ့သလဲ ဆိုတာ ကျွန်တော်တို့ စိတ်မကောင်းခဲ့ကြပါဘူး။ ဒီထဲကသာ ထည့်သွင်းစဉ်းစားခဲ့ရင် ဒီလောက်ထိ ကုန်ကျ စရိတ်တွေ ပေါ်မလာဘူး။ခုမှ ထလုပ်ဖို့က တော်တော်ခက်ခဲတာပေါ့ဗျာ။ ရန်ကုန်မြို့မှာ လိုင်းပေါင်းများစွာ ရာနဲ့ချီရှိတာကို တစ်လိုင်းလောက်လေးနဲ့ ကျွန်တော်တို့ ဘယ်အဆင်ပြေနိုင်မလဲ။ ဒီတစ်လိုင်းတောင်ရဖို့က အခက်အခဲရှိနေသေးတယ်။ ဒီကားလိုင်းတိုင်းက မသန်စွမ်းသူတွေ အဆင်ပြေဖို့အတွက် ကျွန်တော်တို့က လိုလားတာ” ဟု မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးမြတ်သူဝင်းက ပြောသည်။

၂ဝ၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်းက မသန်စွမ်းသူများအတွက် သီးသန့်ဘတ်စ်ကားများပြေးဆွဲပေးရန်  YBS ၂၁ ယာဉ်လိုင်းမှ အစီးရေ ၁၂ စီးဖြင့် စီစဉ်ထားခဲ့သော်လည်း YRTA ဘက်မှ ယခုအချိန်အထိ ခွင့်ပြုချက်ပြန်မကျ သေးသောကြောင့် ပြေးဆွဲနိုင်မှုမရှိသေးကြောင်း ပါဝါအလဲဗင်း အများပိုင်ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags