တိုက်ပွဲအနီးရှိ မင်းပြားမြို့နယ်ထဲမှ ကျေးရွာအချို့ စားသောက်ရေးအခက်ကြုံ

တိုက်ပွဲအနီးရှိ မင်းပြားမြို့နယ်ထဲမှ ကျေးရွာအချို့ စားသောက်ရေးအခက်ကြုံ
AA နှင့်တပ်မတော်အကြားတိုက်ပွဲကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း  နေအိမ်တစ်အိမ်တွင် ကျည်ဆန်များထိမှန်နေသည်ကို ရွာသားတစ်ဦးက ပြသနေစဉ်။ ဓာတ်ပုံ-ညွန့်ဝင်း/EPA

ရန်ကုန်၊ သြဂုတ် ၂၄ ။          ။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်အတွင်းရှိ အနီးအနား ကျေးရွာအချို့တွင် စားသောက်ရေးအခက်ကြုံနေရကြောင်း ရွှေကျင်ကျေးရွာအုပ်ချုပ်ရေးမှူးက မဇ္စျိမသို့ ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၁၊ ၂၂ နှင့် ၂၃ ရက်များတွင် မင်းပြားမြို့နယ်ထဲရှိ ရွှေကျင်ကျေးရွာ၊ ခွဆုံကျေးရွာ၊ ဒိုင်းသားကျေးရွာတို့အနီးတွင် တပ်မတော်နှင့် ရက္ခိုင့်တပ် AAတို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် အလုပ်အကိုင်များ ရပ်ဆိုင်းကာ မသွားလာရဲသောကြောင့် စားသောက်ရေးအခက်ကြုံနေရခြင်း ဖြစ်သည်။

 “သွားဖို့၊ လာဖို့က မသွားရဲတဲ့အခြေအနေ ရှိပါတယ်။ ပိတ်ထားတာလည်း မဟုတ်ဘူး။ သွားရင် လမ်းမှာ ကျည်ထိမှာ စိုးလို့ မသွားရဲတာလည်း ရှိပါတယ်။ သုံးပုံ ပုံ တစ်ပုံလောက်တော့ရှိမယ်(ရွှေကျင်ကျေးရွာ)။ စားနပ်ရိက္ခာပြတ်လပ်တဲ့သူ” ဟု ရွှေကျင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ရွှေကျင်ကျေးရွာတွင် လူဦးရေ ၁၉၄၂ ဦးထိရှိပြီး အားလုံး၏ သုံးပုံ၊ တစ်ပုံခန့်သည် အခြေခံစားကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆား တို့ ပြတ်လပ်လာခြင်း ဖြစ်သည်။

ရွှေကျင်ကျေးရွာအပြင် တိုက်ပွဲအနီးရှိ ခွဆုံကျေးရွာ၊ ဒိုင်းသားကျေးရွာတို့တွင်လည်း စားရေးသောက်ရေး အခက်ကြုံနေရကြောင်း ၎င်းက ဆိုသည်။

 “အဲဒီ သုံးရွာမှာ ရွှေကျင်က အများကြီး အခြေအနေဆိုးပါတယ်” ဟု ၎င်းက ထပ်ပြောသည်။

ရဟတ်ယာဉ်သုံးတိုက်ခိုက်မှုများ ရှိသည်ဟု ပြောဆိုခဲ့ပြီး သြဂုတ် ၂၁ ရက်နေ့ကတည်းက ပရဟိတအဖွဲ့များထံ အကြောင်းကြားထားသော်လည်း လတ်တလောတွင် လာရောက်နိုင်သူ မရှိသေးကြောင်း သိရသည်။

တိုက်ပွဲကြောင့် ကျေးရွာအတွင်း လက်နက်ကြီး ကျရောက်ခြင်း၊ အရပ်သား ထိခိုက်ခြင်းမရှိသော်လည်း ရဟတ်ယာဉ်များပေါ်မှ ကျရောက်သည့် ကျည်ခွံများကြောင့် အိမ်ခေါင်မိုး ပေါက်ပြဲခြင်းမျိုး ရှိခဲ့ကြောင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းမှ စတင်ကာ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA အကြားတိုက်ပွဲများ ဖြစ်ပွားနေခဲ့ပြီး လက်ရှိအချိန်ထိ အရပ်သားထိခိုက်မှု ၁၀၀ ကျော်နှင့် သေဆုံးမှု ၇၀ ဦးခန့် ရှိခဲ့သည်။ စစ်ရှောင်သူဦးရေမှာလည်း ၆၀၀၀၀ ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ရခိုင်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly