ခြိမ်းခြောက် စစ်ဆေးသဖြင့် အဂတိကော်မရှင်မှ အရာထမ်းဝန်ထမ်းကို တိုင်ကြား

24 August 2019
ခြိမ်းခြောက် စစ်ဆေးသဖြင့် အဂတိကော်မရှင်မှ အရာထမ်းဝန်ထမ်းကို တိုင်ကြား

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိစ္စအတွက် စစ်ဆေးရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ အရာထမ်းဝန်ထမ်းက ခြိမ်းခြောက်စစ်ဆေးမှုများ ရှိခဲ့သဖြင့် အဆိုပါဝန်ထမ်းကို ကော်မရှင်သို့ ပြန်လည် တိုင်ကြားထားကြောင်း သိရသည်။

“ကျွန်မ အစ်မကို စစ်တဲ့အချိန်တုန်းက ကျွန်မအစ်မကို ဦးမောင်မောင်တင်က ခြိမ်းခြောက်ပြီး စစ်တဲ့အပေါ် မကျေနပ်လို့ တိုင်စာတစ်စောင် ပေးပို့ထားပါတယ်။ ဦးမောင်မောင်တင် ပြောကြားချက်တွေမှာ ငါတို ့အဖွဲ ့ ကိုဘာထင်နေလဲ။ ငါတို ့အဖွဲ ့ကမကျေနပ်လို ့ရှိရင် သမ္မတတောင် စစ်ဆေးအရေးယူပိုင်ခွင့်ရှိတယ်ဆိုတဲ ့ စကားမျိုးတွေ၊နင်တို ့ဥပဒေကိုဘယ်လောက်နားလည်လို ့လဲ။ ငါက ဥပဒေစာအုပ်တစ်လုံးကို ထုံးလိုမွှေ ရေလိုနှောက်ပြီးတော့ ငါလက်တစ်လုံးခြားလုပ်လို ့ရတယ်ဆိုတဲ ့စကားတွေလည်းပါတယ်၊အဲဒါတွေက ကျွန်မကို ခြိမ်းခြောက်တယ်လို ့ခံယူတယ်၊အဲဒီလိုမျိုးလည်းထင်တဲ့အတွက် တိုင်ကြားတာပါ”ဟု ဘဏ်မန်နေဂျာဖြစ်သူ ဒေါ်မာလာတင်၏ ညီမ ဖြစ်သော မတင်ဇာဇာထွေးကပြောသည်။

မြောင်းမြမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဘဏ်မန်နေဂျာဖြစ်သူ ဒေါ်မာလာတင်သည် တောင်သူ အချို့ကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးရာတွင် အဂတိလိုက်စားမှုများရှိခဲ့ကြောင်း တိုင်ကြားခံရသဖြင့် ကော်မရှင်မှ အဆိုပါကိစ္စကို စစ်ဆေးရန် ကော်မရှင်ရုံး၊ တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အရာထမ်းတစ်ဦးဖြစ်သည့် ဦးမောင်မောင်တင်အား ၃၀-၄-၂၀၁၉ ရက်နေ့မှ ၂-၅-၂၀၁၉ ရက်နေ့အထိ မြောင်းမြမြို့သို့ စေလွှတ်ကာ စစ်ဆေးရေးမှူးအဖြစ် စစ်ဆေးစေခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ဦးမောင်မောင်တင် သည် ၎င်း၏လုပ်ပိုင်ခွင့်ရာထူးကို အသုံးပြု၍ ခြိမ်းခြောက်၊ အနိုင် အထက်ပြုစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သဖြင့် လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးရန် ဘဏ်မန်နေဂျာဖြစ်သူ ဒေါ်မာလာတင်၏ ညီမဖြစ်သော မတင်ဇာဇာထွေးက ၆-၈-၂၀၁၉ ရက်နေ့တွင် ကော်မရှင်သို့ လိပ်မူကာ တိုင်ကြားလာခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ကော်မရှင်အနေဖြင့် ရှေးဦးစုံစမ်းရေးအဖွဲ့၏ စစ်ဆေးပေါ်ပေါက်ချက်ပေါ်မူတည်၍ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ၊ ကော်မရှင်ကျင့်ဝတ်တို့နှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု သြဂုတ်လ ၂၃ (ယနေ့ ) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly