ရေနစ်သူအား ကူညီဆယ်ယူရာမှ နှစ်ဦးလုံး သေဆုံး

ရေနစ်သူအား ကူညီဆယ်ယူရာမှ နှစ်ဦးလုံး သေဆုံး
 ဓာတ်ပုံ-Myanmar Fire Services Department

ရန်ကုန်၊ သြဂုတ် ၂၄ ။          ။ ရေနစ်နေသူအား ကူညီကယ်ဆယ်ရာမှ  ရေနစ်သူနှင့်ကယ်ဆယ်သူ နှစ်ဦးစလုံး သေဆုံးခဲ့မှုတစ်ခု  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဘောဂဝတီရပ်ကွက်ရှိ မင်းရဲဆည်တွင် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၃ ရက် ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က ဆည်အတွင်းသို့ အမျိုးသားတစ်ဦး ရေဆင်းချိုးရာမှ ရေနစ်သဖြင့် အနီးရှိ ရေချိုးနေသူ အမျိုးသားတစ်ဦးက ကူညီဆယ်ယူရာ ၎င်းတို့နှစ်ဦးစလုံး ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ညနေ ၆ နာရီခန့်တွင် ကျောက်ဆည်ခရိုင်မီးသတ်စခန်းနှင့် မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘောဂဝတီရပ်ကွက်မှ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်သည်။

ရုပ်အလောင်းများကို ယနေ့ သြဂုတ် ၂၄ ရက်၊ နံနက် ၈ နာရီ ၁၈ မိနစ် အချိန်တွင် ရှာဖွေတွေ့ရှိခဲ့သောကြောင့် မနောဖြူလူမှုရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ကျောက်ဆည်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly