လက်မှတ်ထိုးမည့် လက်နက်ကိုင်အဖွဲ့ အလံစိုက်ထူရေး သဘောတူညီမှု အပြည့်မရသေး ဟုဆို

လက်မှတ်ထိုးမည့် လက်နက်ကိုင်အဖွဲ့ အလံစိုက်ထူရေး သဘောတူညီမှု အပြည့်မရသေး ဟုဆို
ဓာတ်ပုံ - မဇ္စိ္ဈမ

လက်မှတ်ထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ကိုယ်ပိုင်အလံများ စိုက်ထူရေးနှင့် ပက်သက်ပြီး သဘောတူညီမှု မရရှိသေးကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/ SSA အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလက အောက်တိုဘာ ၁၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

“စစ်ဖက်တာဝန်ရှိသူက စစ်ဝတ်စုံဝတ်ဖို့ကို သမ္မတက သဘောတူတယ်။ အခမ်းအနား အဆောက်အဦးအရှေ့မှာ အလံစိုက်ဖို့ကိုတော့ ဥပဒေနဲ့အညီ လုပ်လို့ပြောတယ်။ အဲဒါက နောက်နေ့ အစည်းအဝေးမှာ ဆက်ပြီးညှိရဦးမယ်။ ဒီဟာကလည်း ကျင်းပရေးကော်မတီမှာ ထစ်နေတဲ့ အချက် တွေကို သမ္မတနဲ့ထပ်ပြီး ညှိနှိုင်းတာပါ” ဟု ၎င်းက ဆိုသည်။

MPC ၌ အောက်တိုဘာ ၈ ရက်နေ့က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မတီ အစည်းအဝေးမှ ဆွေးနွေးရန် ကျန်ရှိနေသေးသည့် အခမ်းအနား အစီအစဉ်များမှ စစ်ဝတ်စုံ ဝတ်ဆင်ရေး၊ အလံစိုက်ထူရေးနှင့် ပက်သက်ပြီး လက်မှတ်ထိုးမည့် ၈ ဖွဲ့ကိုယ်စား ကရင်အ မျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူဆေးဖိုးနှင့် RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွတ် ဆစ်တို့က သမ္မတ ဦးသိန်းစိန်နှင့် အောက်တိုဘာ ၁၃ တွင် သွားရောက် ဆွေးနွေးခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် လက်မှတ်ရေးထိုးပွဲသို့ စစ်ဖက်ဆိုင်ရာမှ တက်ရောက်သူများ အနေဖြင့် စစ်ဖက်အဝတ်အစား ဝတ်ဆင်ကြရန် သဘောတူညီမှု ရခဲ့သည်။ အလံစိုက်ထူရေးနှင့် ပတ်သက်၍မူ လက်မှတ်ရေးထိုးမည့် အခမ်းအနားမှ ခုံများတွင် ကိုယ်ပိုင် အလံများ စိုက်ထူနိုင်သော်လည်း၊ ပွဲကျင်းပရာ အဆောက်အဦးရှေ့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အလံများ စိုက်ထူရေးကိုမူ တိကျသည့် ဆုံးဖြတ်ချက် မရရှိခဲ့ပေ။

"ကျွန်တော်တို့ နောက်နေ့ ပူးတွဲကျင်းပရေး ကော်မတီအစည်းအဝေးမှာ ဆက်ဆွေးနွေးရမှာပါ။ ကျွန်တော်တို့ကတော့ အသိအမှတ် ပြုတယ်ဆိုတာကော၊ နောက်ထိုးမယ့် အဖွဲ့တွေအတွက် လိုလို လားလားရှိတယ်ဆိုတဲ့ အသိအမှတ် ပြုမှုကိုလည်း သိစေချင်တာပါ" ဟု ဗိုလ်မှူးကြီး စိုင်းလက ဆိုသည်။

အောက်တိုဘာ ၁၅ ရက်၊ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲသို့ အဖွဲ့အစည်းတစ်ခုမှ ၃ ဦးကို ဖိတ်ကြားထားသဖြင့် RCSS/SSA မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရွတ်ဆစ်၊ အတွင်းရေးမှူး ဗိုလ်မှူးကြီး စိုင်းလနှင့် ဗိုလ်မှူးချုပ် အောင်ခေးတို့ တက်ရောက်မည်ဟု ၎င်းက ပြောသည်။

အပစ်ရပ်စဲရေး လက်မှတ်ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းဗဟိုဌာန ၂ တွင် နံနက် ၉ နာရီ၌ ကျင်းပမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags