မွန်ပြည်နယ်ရေဘေး ပြန်လည်ထူထောင်ရေး အကူညီများစွာ လိုအပ်နေ

မွန်ပြည်နယ်ရေဘေး ပြန်လည်ထူထောင်ရေး အကူညီများစွာ လိုအပ်နေ
ဓာတ်ပုံ - သူရ(မဇ္စျိမ)

ရန်ကုန်၊ သြဂုတ် ၂၄ ။            ။ ရေကြီးနစ်မြုပ်မှုဘေးဒဏ် ခံစားခံရသော မွန်ပြည်နယ်အတွင်းရှိ မြို့များ ပြန်လည်ထူထောင်ရေးအတွက် အကူအညီများစွာလိုအပ်နေသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောသည်။

" ဒါတွေကို ပြန်လည်ထူထောင်ဖို့ အများကြီး လိုပါသေးတယ်။ သက်ဆိုင်ရာအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ကြီးကြပ်ပြီး လွှတ်တော်ကိုယ်စားလှယ်၊ တာဝန်ရှိတဲ့သူတွေ ၊ ပြည်သူရယ် ပေါင်းစပ်ညှိနှိုင်းပြီး NGO၊ INGO အဖွဲ့ တွေ၊ အခုဆို ဗီယက်နမ် ၊ ဆွီဒင်တို့က လာလှူတာရှိပါတယ်။ အလှူရှင်တွေရဲ့အားတွေနဲ့ အစိုးရအဖွဲ့ရဲ့ ထောက်ပံ့မှုအားတွေနဲ့ အမြန်ဆုံးအကောက်ထည်ဖော်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပါတယ် "  ဟု မွန်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က ပြောသည်။

၂၀၁၉ ခုနှစ်အတွင်း ရေကြီးရေလျှံမှုဒဏ်ကို မွန်ပြည်နယ်အတွင်း ရေး၊ ကျိုက်မရော၊ မုတ္ထမ ၊ မော်လမြိုင်မြို့ များမှ အများဆုံး ခံစားခဲ့ရကာ တစ်ပြည်နယ်လုံးအနေဖြင့် ခန့်မှန်းေခြေ ရေဘေးသင့်သူ ၈၀၀၀၀ ဝန်းကျင်ခန့် ရှိသည်။

" အဓိက စားနပ်ရိက္ခာပေါ့။ လမ်း၊တံတားတို့အတွက် လိုအပ်တဲ့ဟာတွေပါ။ အဲဒါတွေကို အမြန်ဆုံး ပြန်လည် ထူထောင်နိုင်ဖို့ပါ။ ဝန်ကြီးချုပ်ရဲ့လမ်းညွှန်ချက်အရ ဒီမှာ အရန်ရိက္ခာထားဖို့အတွက် ဂိုထောင် နှစ်လုံးဆောက် ပြီးတော့ ဆန်၊ ဆီ၊ ငါးသေတ္တာနဲ့ ခေါက်ဆွဲခြောက် ၊ငွေနဲ့ထားရှိဖို့ရယ် ရေဘေးသင့်ပြည်သူတွေအားလုံး ကယ် နိုင်အောင် စက်လှေ ၁၀ စီး ဆောင်ရွက်ဖို့အတွက် ဝန်ကြီးချုပ် မှာသွားတာဖြစ်ပါတယ် " ဟု ၎င်းက ဆိုသည်။

ရေဘေးသင့်မှုဒဏ် အကြီးအကျယ် ကြုံတွေ့ခဲ့ရသော ရေးမြို့နယ်တွင် ကယ်ဆယ်ရေးစခန်းများကို ပိတ်သိမ်း လိုက်ပြီ ဖြစ်သော်လည်း အောင်မင်္ဂလာ ၊ အောင်နန္ဒာ၊ အောင်သုခ စသည့် မြို့ပေါ် ရပ်ကွက် ခြောက်ခုမှာ ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံစားခဲ့ရပြီး လူဦးရေ ၄၂၀၀၀၊ အိမ်ထောင်စု ၇၅၀၀ နီးပါးခန့် နှင့် အိမ်ခြေ ၅၀၀ ပြိုကျ ပျက်စီးထားသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့တွင် အတ္တရံမြစ်ရေ မြင့်တက်မှုကြောင့် သြဂုတ် ၁၃ ရက်အထိ ရပ်ကွက်/ကျေးရွာ ၂၉ ခု နစ်မြုပ်ခဲ့ပြီး လူပေါင်း ၄၀၀၀၀ ခန့် ရေဘေးသင့်ခဲ့သည်။

မွန်ပြည်နယ်ရေဘေးသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့်အစိုးရအဖွဲ့မှ ကျပ် သိန်း ၁၅၀၃ သိန်း လာရောက်လှူဒါန်းခဲ့မှုကို ပြန်လည်ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ပြည်နယ်အစိုးရ၏ ရိက္ခာများ ၊ လာရောက်လှူဒါန်း ကြသည့်အလှူရှင်များ ၊ အသင်းအဖွဲ့များ ၊ စေတနာရှင်ပရဟိတအဖွဲ့အစည်းများမှ လာရောက်ပြီး စားနပ်ရိက္ခာနှင့်အထောက်အပံ့ပစ္စည်းများကို လှူဒါန်းပေးနေသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly