လုံခြုံရေးဆိုင်ရာ ဥပဒေတွေ NLD အစိုးရ ဖျက်သိမ်းပစ်လို့ တပ်မတော် ထောက်ပြ

လုံခြုံရေးဆိုင်ရာ ဥပဒေတွေ NLD အစိုးရ ဖျက်သိမ်းပစ်လို့ တပ်မတော် ထောက်ပြ
Photo  - AFP

နေပြည်တော်(ဩဂုတ်လ ၂၄ရက်၊ ၂၀၁၉ခုနှစ်)။ ။ လက်ရှိ NLD အစိုးရလက်ထက်တွင် လုံခြုံရေးဆိုင်ရာ ဥပဒေအချို့ကို ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ခြင်းက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တပ်မတော်နည်းပညာတက္ကသိုလ်အပါအဝင် နေရာအချို့ တိုက်ခိုက်ခံရသည့် ကိစ္စနှင့်ပတ်သက်ပြီး သတင်းရရှိမှုအပေါ် သက်ရောက်စေခဲ့သည်ဟု တပ်မတော်ဘက်က ထောက်ပြလိုက်သည်။

ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ နေရာအချို့ကို မြောက်ပိုင်းလက်နက်ကိုင် သုံးဖွဲ့က တိုက်ခိုက်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဩဂုတ်လ ၂၃ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ဘက်က ထိုသို့ ထောက်ပြခဲ့ခြင်း ဖြစ်သည်။

NLD အစိုးရလက်ထက် ၂၀၁၆ခုနှစ်တွင် အရေးပေါ်စီမံမှု အက်ဥပဒေနှင့် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေတို့ကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ရုပ်သိမ်းခဲ့ကြောင်းနှင့် ရပ်/ကျေးအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ရာတွင် အဓိကကျသည့် ဧည့်စာရင်း တိုင်ကြားရသည့် ပုဒ်မကို ဖြုတ်လိုက်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ဒုဥက္ကဌဖြစ်သူ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။

“ဒီဥပဒေတွေက ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ အခြေအနေတွေအရ လိုအပ်လို့ ပြဌာန်းခဲ့တဲ့ ဥပဒေတွေလို့ ပြောရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

အထက်ပါ ဥပဒေများသည် နိုင်ငံ၏ တည်ငြိမ်ရေး၊ လုံခြုံရေးနှင့် နိုင်ငံသားများအပေါ် အန္တရာယ် မကျရောက်စေရန် ပြဌာန်းထားသည့် ဥပဒေများဖြစ်သည်ဟုလည်း ဗိုလ်ချုပ် ထွန်းထွန်းညီက “ဘာဖြစ်ရင် ဘာလုပ်ရမယ်ဆိုတာ ပြဌာန်းထားတဲ့အတွက် တော်ရုံ၊ တန်ရုံ မဟုတ်တာလုပ်တဲ့သူက ရပ်ကွက်ထဲ မဝင်ရဲဘူး၊ ကျေးရွာထဲ မဝင်ရဲဘူး။ လက်နက်ကိုင်ပြီး သောင်းကျန်းဖို့ မပြောနဲ့” ဟု ဆက်လက် ပြောကြားသည်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြင်ဦးလွင်တိုက်ခိုက်ခံရမှု ဖြစ်စဉ်သည် ကာကင်းများ မရှိခြင်း၊ လှုပ်ရှားစစ်ကြောင်း မရှိခြင်းနှင့် သတင်းမရရှိမှုတို့ကသာ အဓိကကျကြောင်း သုံးသပ်သည်။

“တောထဲကနေ လာပစ်တဲ့လူက ဘယ်မှာမှ သူဧည့်စာရင်းတိုင်စရာ မလိုဘူးလေ။ တောထဲက လာပစ်သွားတယ်။ လာပစ်ပြီး တောထဲပဲ ပြန်ဆုတ်သွားတာကိုး။ ဘယ်အရပ်သားအိမ်မှ ဝင်အိပ်စရာ မလိုဘူး” ဟု ဦးမောင်မောင်စိုးက မဇ္ဈိမကို ပြောသည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ အမျိုးသားလွှတ်တော်အမတ် ဦးရဲထွဋ်ကလည်း နိုင်ငံသားများ၏ အခွင့်အရေးနှင့် လွတ်လပ်ခွင့်အတွက် ဧည့်စာရင်းတိုင်ကြားရသည့် ပုဒ်မကို ပယ်ဖျက်လိုက်ခြင်းဖြစ်ကြောင်းနှင့် တိုက်ခိုက်ခံရမှုဖြစ်စဉ်များသည် ဧည့်စာရင်းတိုင်ကြားရခြင်းနှင့် မသက်ဆိုင်ကြောင်း မှတ်ချက်ပြုသည်။

“လူထု ဘယ်လောက် ထောက်ခံလဲအပေါ်မှာ မူတည်တာပေါ့။ လူထု မထောက်ခံရင်တော့ သတင်းမရနိုင်ဘူးပေါ့။ ခုန ဥပဒေတွေကြောင့်တော့ မဟုတ်ဘူးလို့ မြင်ပါတယ်” ဟု ဦးရဲထွဋ်က သူ့အမြင်ကို ပြောသည်။

တပ်မတော်ဘက်ကမူ NLD ဦးဆောင်သည့် လွှတ်တော်က အသစ်ပြဌာန်းလိုက်သော နိုင်/လွတ်/လုံဟုခေါ်သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေနှင့် ပတ်သက်၍လည်း လုံခြုံရေးအတွက် အခက်အခဲရှိကြောင်း ထောက်ပြခဲ့သေးသည်။

“နောက်ဆုံးပြဌာန်းပေးလိုက်တဲ့ (နိုင်လွတ်လုံ)ဥပဒေဆိုလို့ရှိရင် လူတိုင်းကိုတောင်မှ ခင်ဗျားတို့အိတ််တွေ ကျွန်တော်တို့ ခွင့်ပြုချက်မရရင် ရှာခွင့်မရှိတဲ့သဘောမျိုး ဖြစ်သွားပြီ” ဟု ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောသည်။

ရက္ခိုင့်တပ်(AA) အပါအဝင် TNLA နှင့် MNDAA တို့ ပါဝင်သော မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့သည် ဩဂုတ်လ ၁၅ရက်က ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နေရာခြောက်ခုကို တစ်ပြိုင်တည်း တိုက်ခိုက်သည့် စစ်ဆင်ရေး တစ်ရပ်ကို ပြုလုပ်ခဲ့သည်။

ထို့ပြင် မန္တလေး- မူဆယ် ကုန်သွယ်လျက်ရှိသော ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းတံတားကိုလည်း ဖောက်ခွဲဖျက်ဆီးခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်နေပြီး ယမန်နေ့အထိ နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

ယင်းကဲ့သို့ စစ်ရေးပဋိပက္ခများ ရှိနေသောလည်း တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး အပစ်ရပ်သက်တမ်း ဆက်တိုး၊ မတိုးမှာလည်း မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ၏ လုပ်ဆောင်ချက်အပေါ် မူတည်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဥက္ကဌဖြစ်သူ ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောသည်။

“ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို လာမှာလား၊ တပ်မတော်အနေနဲ့ ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်လား၊ အသင့်ပဲ” ဟု တပ်မတော်၏ သဘောထားကို စကားတစ်ခွန်းတည်းဖြင့် အသိပေးလိုကြောင်း ဗိုလ်ချုပ် စိုးနိုင်ဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required