ဟောင်ကောင်ဆန္ဒပြပွဲနဲ့ ချိတ်ဆက်တဲ့ ယူကျူချန်နယ် ရာပေါင်းများစွာကို ဂူဂဲလ် ပိတ်သိမ်း

ဟောင်ကောင်ဆန္ဒပြပွဲနဲ့ ချိတ်ဆက်တဲ့ ယူကျူချန်နယ် ရာပေါင်းများစွာကို ဂူဂဲလ် ပိတ်သိမ်း

ဆန်ဖရန်စစ္စကို၊ သြဂုတ် ၂၃ ။         ။ ဟောင်ကောင်မှာ ဖြစ်ပွားဆဲ ဆန္ဒပြပွဲတွေနဲ့ ပတ်သက်တဲ့ ယူကျူချန်နယ်ပေါင်း ၂၁၀ ကို ပိတ်သိမ်းလိုက်ကြောင်း ဂူဂဲလ်က ကြာသပတေးနေ့က ထုတ်ပြန်ပါတယ်။

တရုတ်မှာ တားမြစ်ထားတဲ့ အွန်လိုင်းဗီဒီယို ပလက်ဖောင်း ယူကျူကို ပိုင်ဆိုင်တဲ့ ဂူဂဲလ်ဟာ ပိတ်သိမ်းပစ်တဲ့ ချန်နယ်တွေဟာ ဟောင်ကောင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်တာတွေကို အစုအဖွဲ့ပုံစံ ပို့စ်တင်ဖို့ လုပ်ကြတာ ဖြစ်ပြီး ဒါဟာ တရုတ်နိုင်ငံ ပါဝင်မှု မကင်းတဲ့ လှုပ်ရှားမှု ဖြစ်တာကြောင့် စောင့်ကြည့်နေခဲ့ပြီး ခုလို ဖယ်ရှားတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဟောင်ကောင်ဆန္ဒပြပွဲတွေနဲ့ ပတ်သက်ပြီး မယုံကြည်လောက်တဲ့ လှုပ်ရှားမှုတွေကြောင့် အကောင့်တုတွေနဲ့ ပေ့ချ်တွေကို ဖေ့ဘုတ်နဲ့ တွစ်တာတို့က ဖယ်ရှားခဲ့ရသလို ယူကျူချန်နယ်တွေကိုလည်း ဂူဂဲလ်အနေနဲ့ ခုလို ဖယ်ရှားခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“VPNS (Virtual Private Networks) နဲ့ အကောင့်တွေရဲ့ မူလရင်းမြစ်ကို ပုံဖျက်တဲ့ အခြားနည်းလမ်းတွေ အသုံးပြုတာတွေကို ကျွန်တော်တို့ တွေ့ရှိတယ်။ နောက်ပြီး ဆန္ဒပြပွဲတွေအပေါ် သက်ရောက်အောင် အစုအဖွဲ့ လှုပ်ရှားမှုမျိုးတွေ တွေ့ရှိခဲ့တယ်။”လို့ ဂူဂဲလ်ရဲ့ ခြိမ်းခြောက်မှုများ အကဲဖြတ်အဖွဲ့မှ ညွှန်ကြားရေးမှူးဖြစ်သူ ရှိန်းဟန်တလေးက ပြောပါတယ်။

ပိတ်သိမ်းလိုက်တဲ့ အကောင့်တွေရဲ့ မူရင်းတည်နေရာကို ဂူဂဲလ်အနေနဲ့ ထုတ်ပြန်တာမရှိပေမယ့် ဖေ့ဘုတ်နဲ့ တွစ်တာတို့က မယုံကြည်လောက်တဲ့ အကောင့်တွေကို ဖယ်ရှားပြီးနောက် ဂူဂဲလ်က ခုလို လုပ်ဆောင်လာတာလည်း ဖြစ်ပါတယ်။

တရုတ်ပြည်မကြီးအတွင်းက အကောင့်တွေဟာ ဟောင်ကောင်ဆန္ဒပြပွဲတွေကို ပစ်မှတ်ထားပြီး အစုအဖွဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်ဆိုပြီး ဖေ့ဘုတ်နဲ့ တွစ်တာတို့က အကောင့်ရှင်းလင်းဖယ်ရှားမှုတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ အစိုးရကို ဆန့်ကျင်တဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေဟာ လနဲ့ချီကြာမြင့်စွာ ဖြစ်ပွားနေပြီး ဟောင်ကောင်ရဲ့ ဒီ အရေးအခင်းက တရုတ်အစိုးရအတွက် ခေါင်းခဲစရာလည်း ဖြစ်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly