ဒုက္ခသည်တွေ သဘောဆန္ဒအလျောက် မူလနေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်၍ UNHCR ၏ ထုတ်ပြန်ချက်

By နိုင်ဝင်းကို
23 August 2019
ဒုက္ခသည်တွေ သဘောဆန္ဒအလျောက် မူလနေရပ်ပြန်ရေးကိစ္စနှင့်ပတ်သက်၍ UNHCR ၏ ထုတ်ပြန်ချက်

သြဂုတ် ၂၃ ။          ။ နေရပ်စွန့်ခွာသူတွေ မူလနေရပ်ပြန်လာရေး ဆိုင်ရာ နှစ်နိုင်ငံ ပူးတွဲ အလုပ်အဖွဲ့ကနေတဆင့် ရခိုင်ပြည်နယ်သို့ ပြန်လာရန် စိစစ်အတည်ပြုပြီးဖြစ်သည့် နေရပ်စွန့်ခွာသူ ၃,၄၅၀ ဦး၏ အမည်စာရင်းကို မြန်မာအစိုးရကနေ တဆင့် ဘင်္ဂလားဒေ့ရှ်အစိုးရထံ ပေးပို့ခဲ့သည်။

ဘင်္ဂါလီ (မူရင်း ရိုဟင်ဂျာ ဖော်ပြ) ဒုက္ခသည်များ နေရပ်ပြန်လာနိုင်ခွင့်ကို အတည်ပြုရာတွင် မြန်မာအစိုးရ၏ ယခုလုပ်ငန်းစဉ်အတွင်း ပါဝင်ချိတ်ဆက်ဆောင်ရွက်မှုကိုလည်း အပြုသဘောဆောင် တိုးတက်မှုရှိသော ခြေလှမ်းတစ်ရပ်အဖြစ် ကုလ ဒုက္ခသည် အေဂျင်စီ UNHCR ဘက်က ရှုမြင်ထားသည်။

အဆိုပါ ဒုက္ခသည်များ မြန်မာနိုင်ငံသို့ ပြန်လာချင်သလား ဆိုသည့် ၎င်းတို့၏ သဘောဆန္ဒများကို မေးမြန်းစစ်တမ်းကောက်မှုတွင်သော်လည်းကောင်း၊ ဆုံးဖြတ်ချက်တိုင်းက ၎င်းတို့၏ သဘောဆန္ဒအတိုင်း ဖြစ်သလားဆိုသည်ကို အတည်ပြုနိုင်ရန်အတွက် သော်လည်းကောင်း ဘင်္ဂလားဒေ့ရှ် အစိုးရကို UNHCR ဘက်က အကူအညီပေးနေလျက် ရှိသည်။

ပြီးခဲ့တဲ့ ရက်များအတွင်း UNHCR တာဝန်ရှိသူများသည် ဘင်္ဂလားဒေ့ရှ် အစိုးရတာဝန်ရှိသူများ လိုက်ပါလျက် ဒုက္ခသည် စခန်းများရှိ ဘင်္ဂါလီ ဒုက္ခသည်များကို သွားရောက်တွေ့ဆုံခဲ့ပြီး ၎င်းတို့ မြန်မာဘက်သို့ ပြန်ချင်သည့် ဆန္ဒရှိသလားဆိုသည်ကို မေးမြန်းခဲ့သည်။  ယခုအချိန်အထိ အဆိုပါ တွေ့ဆုံမေးမြန်းခဲ့သူများအနက် မည်သူတစ်ဦးတစ်ယောက်ကမှ လက်ရှိအချိန်တွင် မူလနေရပ်သို့ ပြန်ချင်ကြောင်း ထုတ်ဖော်သူ မရှိသေးပေ။

နေရပ်ပြန်နိုင်မည့် ဒုက္ခသည်များအားလုံး၏ သဘောဆန္ဒကို သိရှိရန်အတွက် ၎င်းတို့အားလုံးကို တွေ့ဆုံမေးမြန်းသွားရန်အတွက်လည်း UNHCR အနေဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရကို ဆက်လက် ကူညီပေးသွားမည်ဖြစ်သည်။ ဒုက္ခသည်များ၏ ဆုံးဖြတ်ချက်များအပေါ် လေးစားလိုက်နာမည်ဆိုသော ဘင်္ဂလားဒေ့ရှ်အစိုးရ၏ အပြောင်းအလဲမရှိသည့် ကတိကဝတ်ကိုလည်း UNHCR ဘက်က အလေးထားသည်။

ဒုက္ခသည်များကို မူလနေရပ်ပြန်ပို့မှုတိုင်းကို ၎င်းတို့၏ သဘောဆန္ဒအလျောက်ဖြစ်စေပြီး ဘေးကင်း၊ သိက္ခာရှိစေရမည် ဆိုသည်နှင့်ပတ်သက်၍လည်း ဘင်္ဂလားဒေ့ရှ်၊ မြန်မာအစိုးရတို့နှင့် UNHCR အကြား သဘောတူထားသည်။ ယင်းစည်းမျဉ်းများကို လေးစားလိုက်နာခြင်းက ဒုက္ခသည် နေရပ်ပြန်မှုကို ရေရှည်အကျိုးပြုစေရန် လက်တွေ့ကျသည့် အကျိုးတရား အကူအညီများ ရှိလာစေမည်ဖြစ်သည်။

ယခုသီတင်းပတ်အတွင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများ၊ UNHCR တာဝန်ရှိသူများက ဘင်္ဂါလီ ဒုက္ခသည်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် ယင်းနှင့်ပတ်သက်၍ အတည်ပြုထားပြီး ဖြစ်သည်။ အများစုကတော့ ၎င်းတို့၏ နိုင်ငံသားဖြစ်ခွင့် အခြေအနေ၊ လွလ်လပ်စွာ သွားလာနိုင်မှု၊ မြန်မာနိုင်ငံတွင်း လုံခြုံဘေးကင်းရေး အခြေအနေ တိုးတက်မှု စသည့် အာမခံချက်များ ရရှိသည်နှင့်တစ်ပြိုင်နက် မူလနေရပ်သို့ အားချင်းပြန်နိုင်ရန် မျှော်လင့်ကြောင်း ထုတ်ဖော်ထားသည်။

ယုံကြည်မှု တည်ဆောက်ခြင်းက မရှိမဖြစ် လိုအပ်သည်။ပြီးခဲ့သည့် ဇူလိုင်လက မြန်မာ အဆင့်မြင့် တာဝန်ရှိသူများသည် ဘင်္ဂလားဒေ့ရှ် ကမ့်စခန်းများမှ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သည်။ ယင်းသည် အရေးပါသော ပထမ ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သင့်သည်။ UNDP နှင့် ပူးပေါင်းပြီး UNHCR အနေဖြင့်လည်း မြန်မာအစိုးရ၏ အားထုတ်မှုများကို အကူအညီပေးနေလျက် ရှိသည်။

ရခိုင်ပြည်နယ်တွင်းရှိ လူအစုအဖွဲ့အားလုံး၏ အခြေအနေ တိုးတက်စေရန်၊ ၎င်းတို့အကြား လူမှုဆိုင်ရာ ပေါင်းစည်းညီညွတ်မှုကို မြှင့်တင်စေနိုင်ရန်အတွက် quick impact projects များ ဖော်ဆောင်ခြင်းအားဖြင့် ကူညီပေးနေလျက်ရှိသည်။ သို့မှသာလျင် သဘောဆန္ဒအလျောက် နေရပ်ပြန်လာခြင်းနှင့် ဒုက္ခသည်များ ပြန်လည် ပေါင်းစည်းခြင်းက ဖြစ်လာနိုင်မည်ဖြစ်သည်။

သို့ရာတွင် ဒုက္ခသည်များ၏ မူလနေထိုင်ခဲ့ရာ နေရာများနှင့် ရခိုင်ပြည်နယ်တွင်း နေရပ်ပြန်ရမည့် ဖြစ်နိုင်ဖွယ် ဧရိယာများနှင့်စပ်လျင်း၍ ပိုမို ခန့်မှန်းထိထိရောက်ရောက် သိရှိနိုင်ရန်လည်းလိုအပ်သည်။

ဒုက္ခသည်များ သဘောဆန္ဒအလျောက် မူလနေရပ် ပြန်နိုင်ရေးအလို့ငှာ ယုံကြည်မှု တည်ဆောက်ရန် ပါဝင်ပတ်သက်သူအားလုံးအကြား ဆက်လက် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်သွားရန် လိုအပ်သည်။ ယင်းလုပ်ငန်းစဉ်အတွင် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရ တို့ကို ဆက်လက်ကူညီ ပံ့ပိုးသွားရန် UNHCR ဘက်က ကတိပြုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags