မန်းရွှေစက်တော်မှ စပေါ်ငွေများ ၂ နှစ်ကြာအထိ မရသေးသောကြောင့် ပြန်ရရှိလိုဟု လုပ်ငန်းရှင်ဘက်မှ ဆို

By ကရိုင်နူးရာ
23 August 2019
မန်းရွှေစက်တော်မှ စပေါ်ငွေများ ၂ နှစ်ကြာအထိ မရသေးသောကြောင့် ပြန်ရရှိလိုဟု လုပ်ငန်းရှင်ဘက်မှ ဆို
ဓာတ်ပုံ - ကရိုင်းနူးရာ

ရန်ကုန်၊ သြဂုတ်၂၃ ။      ။ မန်းရွှေစက်တော်ဘုရား စပေါ်ငွေများကို ဘုရားဂေါပကအဖွဲ့မှ ၂ နှစ်ကြာ သည်အထိ ပြန်လည်ပေးအပ်ခြင်း မရှိသေးသောကြောင့် လုပ်ငန်းရှင်တစ်ဦးက ဦးဆောင်ကာ ရန်ကုန်မြို့တွင် လာရောက်သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

"စပေါ်ငွေ သပ်သပ် သိန်း၂၀ တင်ရတယ်။ နဂိုက ဒီ ပွဲတော်ပြီးတာနဲ့ တန်းထုတ်ပေးမယ်လို့ ပြောပြီးသား။ ပွဲတော် ပြီးတော့လည်း တန်း ထုတ်မပေးဘူး။ သုံးလလောက် ကြာမှ ထုတ်ပေးတယ်။ ထုတ်ပေးတော့လည်း သိန်း၂၀ ရှိတာကို ကိုးသိန်း ဖြတ်တယ်။ ကျွန်မတို့ အပြစ်လုပ်ထားတာ ဘာရှိလဲဆိုရင် သူတို့ဘာမှ မပြနိုင်ဘူး။ အဆင့်ဆင့် တိုင်ကြားထားတာတွေ ရှိတယ်။ ဂေါပကလည်း ပြန်ပေးမယ်၊ ပြန်ပေးမယ်နဲ့ ဒီအတိုင်းပဲ ပြောနေတာ။ ဒီအချိန်ထိ ရောက်သွားပြီ။ ကျွန်မ ပိုက်ဆံတွေ ပေါင်းလိုက်တော့လည်း ၂၀၁၆-၂၀၁ရတုန်းက ပိုက်ဆံတွေရော၊ ၂၀၁၇-၂၀၁၈ တုန်းက ပိုက်ဆံတွေရောဆိုရင် သိန်း ၅၀ လောက် ရှိနေပြီဆိုတော့ မစောင့်နိုင်တော့လို့ သတင်းစာရှင်းပွဲ လာလုပ်တာ " ဟု တည်းခိုဆောင်လုပ်ငန်းရှင် တစ်ဦး ဖြစ်သူ ဒေါ်နှင်းနှင်းက ပြောသည်။

၂၀၁၆-၁၀၊ ၂၀၁၇-၁၈ ဘုရားပွဲရာသီအတွက် ပေးအပ်ထားသော စပေးငွေများ ဖြစ်သည်ဟု သိရပြီး မန်းရွှေစက်တော်ဘုရားပွဲတော် ကာလအတွင်း တည်းခိုခန်း၊ ဆိုင်ခန်းလျှောက်ထားသူများက ဂေါပကအဖွဲ့သို့ သတ်မှတ်ထားသည့် ငွေကြေးများနှင့် စပေါ်ငွေများကို အပြည့်အဝပေးအပ်ခဲ့သည်ဟု ၎င်းက ဆိုသည်။

မန်းရွှေစက်တော်ဘုရားပွဲတော်ကို နှစ်စဉ် တပို့တွဲလဆန်း ငါးရက်နေ့မှ နှစ်ဆန်း တစ်ရက်နေ့အထိ ကျင်းပလေ့ရှိ ပြီး အနယ်နယ်အရပ်အရပ်မှ ဘုရားဖူးများ လာရောက် ဖူးမျှော်ကြပြီး စည်ကားသောပွဲတော်တစ်ခု ဖြစ်သည်။

ပွဲတော်ချိန်အတွင်း တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်နိုင်ဖို့အတွက် ဂေါပကများထံမှ တရားဝင် လေလံဆွဲပြီး စပေါ်ငွေပေးကာ ဆိုင်ခန်းများ လုပ်ကိုင်ခွင့်လျှောက်ထားရခြင်း ဖြစ်သည်။

"စပေါ်ငွေပြန်မရသေးတဲ့သူတွေ အများကြီး။ အကုန်လုံးက ရှိတာလေးပေါင်းပြီး ၅သိန်း၊ ၁ဝသိန်း ထုတ်ပြီး ရုန်းကန်ရှာဖွေနေကြတာ။ ကျွန်မ ပြန်ရမယ်ဆိုရင်တောင် တခြားသူတွေကိုလည်း ပြန်ရစေချင်တယ်။ သူတို့ပေး လိုက်ရင် ဖြစ်ပါတယ် " ဟု ဒေါ်နှင်းနှင်းက ဆက်လက်ပြောသည်။

စပေါ်တင်ထားသည့် ငွေများ ပြန်လည်ရရှိရေးအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ မကွေးတိုင်း ဝန်ကြီးချုပ်၊ မကွေးတိုင်းဒေသကြီး လွှတ်တော်နှင့် သက်ဆိုင်ရာဌာနအသီးသီးကို တိုင်ကြားစာများ ပို့ထားခဲ့သော်လည်း ယနေ့ထိ တစ်စုံတစ်ရာ တုန့်ပြန်လာခြင်း မရှိသေးကြောင်း ဒေါ်နှင်းနှင်းထံမှ သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သတ်ပြီး မဇျွိမမှ မန်းရွှေစက်တော် ဂေါပကဥက္ကဋ္ဌဆီ ဆက်သွယ်မေးမြန်းရာ၂၀၁၇-၂၀၁၈ အထိ ဆောင်ရွက်ထားသည့် ဂေါပကများ၏ တာဝန်သာ ဖြစ်ပြီး လက်ရှိ ဂေါပကများသည် လူသစ်များ ဖြစ်သည့်အတွက် ပတ်သက်မှု မရှိကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

ယခင်က တာဝန်ယူ ဆောင်ရွက်ခဲ့သည့်ဂေါပကဥက္ကဋ္ဌဆီ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်၍ မရသေးပေ။

ဂေါပကအဖွဲ့များ တိုင်ကြားခံရ၍ ၂၀၁၈ ခုနှစ်က အသစ်ပြန်လည်ရွေးချယ်ထားခြင်း ဖြစ်ပြီး တစ်နှစ် သက်တမ်း သာ ရှိသေးကြောင်း သိရသည် ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly