မိုးညိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဂတိဖြင့် အမှုဖွင့်ခံရ

မိုးညိုပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဂတိဖြင့် အမှုဖွင့်ခံရ
ဓာတ်ပုံ-ပြည်သူ့လွှတ်တော်

ရန်ကုန်၊ သြဂုတ် ။         ။ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးမင်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အရေးယူလိုက်သည်။

မိုးညိုမြို့နယ်အတွင်းရှိ အင်းသားကြီး ကိုးဦးအား နောက်ထပ် အင်းသက်တမ်း သုံးနှစ် ကြေးတိုင်ရအောင် တာဝန်ယူလုပ်ပေးမည်ဟု ပြောကြား၍ ငွေကြေးများတောင်းယူပြီး ကိုယ်ကျိုး အလွဲသုံးခြင်းအား စစ်ဆေး အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခံထားရခြင်း ဖြစ်သည်။

ထို့ကြောင့် အဂတိမှ စစ်ဆေးခဲ့ရာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကို စီမံခန့်ခွဲရေး တာဝန်ဖြစ်သော အင်းလေလံ ပစ်ရာတွင် ကြီးကြပ်ဆောင်ရွက်ခဲ့စဉ် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ၂၀၁၇-၂၀၁၈၊ ၂၀၁၈-၂၀၁၉၊ ၂၀၁၉-၂၀၂၀ ခုနှစ်အတွက် ကြေးတိုင်အင်း သက်တမ်းတိုး လျှောက်ထားသည့် အင်းများနှင့်ပတ်သက်၍ အင်းသားကြီးများထံမှ ငွေကျပ် ၃၅ သိန်းနှင့် ငွေကျပ် ၃၂ သိန်းတို့ကို နှစ်ကြိမ် တောင်းခံရယူခဲ့ခြင်း ပေါ်ပေါက်ခဲ့သည်ဟု သြဂုတ် ၂၃ ရက်တွင် အဂတိမှ ထုတ်ပြန်သည်။

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့မရဲစခန်းတွင် သြဂုတ် ၂၈ ရက်တွင် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မျိုးမင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်အနိုင်ရထားသူ ဖြစ်သည်။

မိုးညိုမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ၂၀၁၇ ခုနှစ်ကတည်းက အဂတိသို့ တိုင်ကြားခံခဲ့ရခြင်း ဖြစ်ပြီး ယခင်က အဂတိဖြင့် အရေးယူမခံခဲ့ရသော်လည်း ထိုစဉ်က ပါတီတာဝန်များမှ ခြောက်လ ရပ်ဆိုင်းခံထားရသူလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required