ဘဏ်ချေးငွေများ ပြန်လည်တောင်းခံမှုကြောင့် ထိပ်သီးစီးပွားရေးသမားများနှင့် စီးပွားရေးလုပ်ငန်းများ ဒုက္ခရောက်မည်ဟုဆို

ဘဏ်ချေးငွေများ ပြန်လည်တောင်းခံမှုကြောင့် ထိပ်သီးစီးပွားရေးသမားများနှင့် စီးပွားရေးလုပ်ငန်းများ ဒုက္ခရောက်မည်ဟုဆို
ဓာတ်ပုံ - သူရ/မဇ္ဈိမ

ရန်ကုန်၊ သြဂုတ်လ ၂၃ ။            ။ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းများအပေါ် ထုတ်ချေးထားသည့် ကြွေးမြီများကို ဘဏ်များက စက်တင်ဘာလအကုန်တွင် တောင်းခံမည်ဆိုပါက ထိပ်သီးစီးပွားရေးသမားများနှင့် စီးပွားရေးလုပ်ငန်းများ ဒုက္ခရောက်မည်ဟု ဇေကမ္ဘာဦးခင်ရွှေ့ က ပြောဆိုသည်။

"ဘဏ်အနေနဲ့က ဒီစက်တင်ဘာလအကုန်မှာ စီပွားရေးသမားတွေဆီကနေ ပြန်ပြီးအကြွေးပြန်ဆပ်ပါ။ မဆပ် တဲ့ စီးပွားရေး သမားတွေကို တရားစွဲပါ၊ ပစ္စည်းသိမ်းပါဆိုတာကို စက်တင်ဘာလအကုန် ပေးထားတယ်။ မြန်မာ ပြည်မှာရှိတဲ့ စီးပွားရေးသမားတွေက ဘဏ်က အကြွေးယူထားတယ်။ အိမ်ခြံမြေတွေလည်း အများကြီး ပေါင်ထားတဲ့ အနေအထားမျိုးလည်း ရှိတယ်"ဟု မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း၏ နာယက ဇေကမ္ဘာဦးခင်ရွှေက မီဒီယာများကို ပြောကြားသည်။

အဆိုပါကိစ္စအတွက် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ၊ နာယကတို့မှ ဗဟိုဘဏ်သို့ သွားရောက်တွေ့ဆုံတောင်းဆိုမည်ဟုသိရပြီး အိမ်ခြံမြေစျေးနှုန်းများ ကျဆင်းလာမှုကြောင့် အပေါင်ခံထားသော မြေစျေးနှုန်း ကျဆင်းလာမှုများကိုပါ ဆွေးနွေးမည်ဟု သိရသည်။

"ဘဏ်ဆိုကတည်းက စီးပွားရေးသမားတွေ အကုန်နဲ့ဆက်စပ် နေတယ်။ စီးပွားရေးသမားတွေအားလုံးက နိုင်ငံတကာမှာလည်း ဒီအတိုင်းပဲ ဘဏ်ကနေ ပိုက်ဆံယူပြီးတော့ လုပ်ကြတာ။ ပြည်တွင်းမှာက ပိုဆိုးတာက အိမ်ခြံမြေကို ကွန်ဒိုတွေဆောက်ကြတယ်။ မိမိပိုက်ဆံနဲ့မလောက်ကြဘူး။ ပေါင်ပြီး ဆောက်ကြတယ်။ တကယ်လို့ စက်တင်ဘာလလကုန်မှ ပြန်ပေးရမယ်။ မပေးရင် တရားစွဲမယ်ဆိုရင် ဘဏ်တွေ အကုန်စွဲရမှာ။ လူတစ်သောင်း လောက်ရှိတယ်။ ထိပ်သီးစီးပွားရေးသမားတွေပဲဖြစ်မယ်။ စီးပွားရေးအရ တော်တော်များများ ဒုက္ခရောက်မယ့် အနေအထားရှိတယ်။"ဟု ဦးခင်ရွှေက ထပ်မံ ပြောဆိုသည်။

ဘဏ်များမှ ချေးငွေရယူရာတွင် ဆောက်လုပ်ရေးလောကမှ အများဆုံးချေးယူကြကြောင်း၊ ဆောက်လုပ်ရေး ပရောဂျက်များကို ဘဏ်သို့ တင်ပြကာ ချေးငွေများ ထုတ်ယူကြကြောင်း ဦးခင်ရွှေက ဆက်လက်ပြောဆိုသည်။

"အဲလိုဖြစ်လာရင် ဂယက်တစ်ခုတော့ ဖြစ်လာမှပေါ့။ ဘဏ်တွေနဲ့ လုပ်ငန်းရှင်အများကြီးနဲ့  ထိပ်တိုက်တွေ့ လာပြီဆိုရင် ယေဘုယျအားဖြင့်ပြောမယ်ဆိုရင် ထိုက်သင့်တဲ့ စီးပွားရေးမှာ သက်ရောက်မှု တစ်ခုဖြစ်လာနိုင်တယ်။" ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမင်းက ပြောသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလကုန်အထိ ဗဟိုဘဏ်၏ သတင်းထုတ်ပြန်ချက်အရ ပြည်တွင်းဘဏ်များအနေဖြင့် စိုက်ပျိုးရေးနှင့်မွှေးမြူရေးကဏ္ဍတွင် ကျပ် ၃၉၄၆၆၈.၃၆ သန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ကျပ် ၃၁၅၃၁၇၇.၅၂ သန်း၊ SME ကဏ္ဍတွင် ကျပ် ၉၆၃၄၂၉.၆၃ သန်း၊ ရောင်းဝယ်မှုကဏ္ဍတွင် ကျပ် ၆၇၉၂၉၈၆.၃၅ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၂၆၆၂၁၇၃.၀၄ သန်းတို့ ချေးငွေထုတ်ချေးထားပြီး ကဏ္ဍ ၁ဝ ခုအတွက် စုစုပေါင်း ကျပ် ၂၃၇၇၅၉၀၁.၅၉ သန်းတို့ကို ထုတ်ချေးထားကြောင်း အစီရင်ခံစာအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required