စက်သုံးဆီသိုလှောင်ပစ္စည်းထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ စီးကရက်ပို့သောလုပ်ငန်း နှစ်ခုကို MIC ခွင့်ပြု

စက်သုံးဆီသိုလှောင်ပစ္စည်းထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ စီးကရက်ပို့သောလုပ်ငန်း နှစ်ခုကို MIC ခွင့်ပြု
ဓာတ်ပုံ-DICA

ရန်ကုန်၊ သြဂုတ် ၂၃ ။                ။ တရုတ်မှ ရင်းနှီးမြှုပ်နှံသော စက်သုံးဆီသိုလှောင်ရေးပစ္စည်းများ တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် စီးကရက် ထုတ်လုပ်ပြီး ပြည်ပနိုင်ငံသို့တင်ပို့သည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတစ်ခုတို့အား သြဂုတ်လ အတွင်းက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုခဲ့သည်။

ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတို့အား သြဂုတ် ၁၃ ရက်က ပြုလုပ်သော ၁၃/၂-၁၉ အစည်းအဝေးအရ ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၂၆၉ ခုကို ဖန်တီးပေးနိုင်ခဲ့သည်ဟု MIC (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်)မှ ထုတ်ပြန်ထားသည်။

ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် တရုတ်ကုမ္ပဏီဖြစ်သော U- Won Tank Myanmar Co.,Ltd မှ ပဲခူးတိုင်းတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ သိုလှောင်သည့် နှစ်ခန်းကန့်တိုင်ကီနှင့်ဆက်စပ်ပစ္စည်းအမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းကို လုပ်ကိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအဖြစ် Royal King Land Manufacturing &Distribution Company Limitedမှ စီးကရက်ထုတ်လုပ်ပြီး ရာနှုန်းပြည့် ပြည်ပသို့ တင်ပို့သည့်လုပ်ငန်းကို ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်တွင် လုပ်ကိုင်မည် ဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်က ပြုလုပ်သော အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု ခုနစ်ခု ချပေးခဲ့ပြီး ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်ခု ပါဝင်ကာ CMP ( လက်ခစားစနစ်)ဖြင့် အထည်လိပ်နှင့် ဖိနပ်ချုပ်လုပ်ငန်းများ ပါဝင်သည်။ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နှစ်ခုနှင့် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု သုံးခုတို့ ချထားပေးခဲ့သည်။ အဆိုပါလုပ်ငန်းများတွင် ရန်ကုန်တိုင်းတွင် ဘိလပ်မြေလုပ်ငန်းနှင့် တနင်္သာရီတိုင်းအတွင်း  ဟိုတယ်လုပ်ငန်း၊ ကမာလုပ်ငန်းများ ပါဝင်နေသည်။

၂၀၁၉ ခုနှစ်အတွင်း လုပ်ကိုင်ခွင့်ပြုခဲ့သော လုပ်ငန်းများတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ဖက်စပ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုတို့  ပါဝင်နေကာ အမေရိကန်၊ တရုတ်၊ ထိုင်း ရင်းနှီးမြှုပ်နှံမှုများ ပါဝင်နေသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly