အစိုးရ၏ မူဝါဒများတွင် မသန်စွမ်းသူများအခွင့်အရေးကို ထည့်သွင်းရေးဆွဲပေးရန် လိုအပ်နေဟုဆို

အစိုးရ၏ မူဝါဒများတွင် မသန်စွမ်းသူများအခွင့်အရေးကို ထည့်သွင်းရေးဆွဲပေးရန် လိုအပ်နေဟုဆို

ရန်ကုန်၊ သြဂုတ် ၂၃ ။       ။ အစိုးရ၏ ချမှတ်လိုက်သော မူဝါဒများတွင် မသန်စွမ်းသူများအခွင့်အရေးကို ထည့်သွင်းရေးဆွဲမှု အားနည်းနေကြောင်း မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၏ အထွေထွေ အတွင်းရေးမှူး ဦးမြတ်သူဝင်းက မဇ္စျိမကို ပြောသည်။

“အစိုးရရဲ့ မူဝါဒဆွဲတိုင်း၊ ဘယ်မူဝါဒပဲ ဆွဲဆွဲ မသန်စွမ်းသူတွေအတွက် ထည့်သွင်းဆွဲပေးရမယ်။ အစိုးရရဲ့ စီးပွားရေးမူဝါဒတွေဆွဲတာလည်း မသန်စွမ်းသူတွေအတွက် ပါမလာဘူး။ ဘာမူဝါဒတွေ ထွက်လာလာ မသန်စွမ်းသူတွေအတွက် ပါမလာဘူး။ နိုင်ငံရေးပါတီအသစ်တွေထောင်လာတယ်။ ကျွန်တော်မေးကြည့်တယ်။ မသန်စွမ်းသူတွေအတွက် ပေါ်လစီပါမလာဘူး။ Decision Making Process လို့ခေါ်တဲ့ ကိုယ့်ကံကြမ္မာ ဆုံးဖြတ်နိုင်တဲ့ လုပ်ငန်းကို ခင်ဗျားတို့ လုပ်ပေးတာအရမ်းကောင်းတယ်။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ်တိုင် လည်း လုပ်ချင်ပါတယ်” ဟု ၄င်းက ပြောသည်။

မသန်စွမ်းသူများ၏ အခွင့်အရေးများကို သိရှိနိုင်မှု၊ ကုလသမဂ္ဂမသန်စွမ်းသူအခွင့်အရေးများဆိုင်ရာ သဘော တူစာချုပ်နှင့် ထိရောက်သောအကောင်အထည်ဖော်ဆောင်ရွက်မှုများကို မြှင့်တင်နိုင်ရေးအတွက် နှီးနှော ဖလှယ်ပွဲကို  သြဂုတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ Central Hotel တွင် ပြုလုပ်ခဲ့ပြီး ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ သွားရေးလာရေးကိစ္စတွေမှာလဲ အခုဆို YBS ဘာညာတွေရှိတယ်။ ဒါပေမယ့် အဲ့ YBS တွေကို ကျွန်တော်တို့လို မသန်စွမ်းတွေအနေအထားနဲ့ အလွယ်တကူစီးနိုင်ဖို့၊ ဝီးချဲသမားတွေဆို YBS ကို တက်ဖို့ အခက်အခဲတွေရှိတာပေါ့။ ကျွန်တော်က လက်မရှိပေမယ့် ခြေထောက်ကောင်းတော့ တက်လို့ ရတာပေါ့။ နောက်ပြီးတော့ အခြားသော အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေ အကောင်အထည်ဖော်မှုက တော်တော် နည်းနေပါသေးတယ်” ဟု တွံတေးမြို့နယ်၊ မသန်စွမ်းသူများအသင်းဥက္ကဋ္ဌ ဦးသန်းထူးက ပြောသည်။

မြန်မာနိုင်ငံတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ UNCRPD ကို ၂ဝ၁၅ ခုနှစ်ကတည်းက ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းခဲ့သော်လည်း မသန်စွမ်းသူများအပါအဝင် အများပြည်သူ အဖွဲ့အစည်းများသိရှိမှု အားနည်းနေလျက်ရှိသောကြောင့်  ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ရခြင်း ဖြစ်ကြောင်း သိရသည်။

မသန်စွမ်းသူများ အခွင့်အရေးဥပဒေ၏ ရည်ရွယ်ချက်မှာ လူ့အခွင့်အရေးအားလုံးနှင့် အခြေခံလွတ်လပ်ခွင့် အားလုံးကို မသန်စွမ်းသူများအပြည့်အဝရရှိခံစားစေရန်အတွက် တိုးမြှင့်ပေးရန်၊ ကာကွယ်ပေးရန်၊ သေချာ စေရေးဆောင်ရွက်ပေးရန်၊ မွေးရာပါလူ့ဂုဏ်သိက္ခာကို လေးစားမှု တိုးမြှင့်ရန်ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly