သုံးဘီးယာဉ်တွေနဲ့ မန္တလေးမြို့

22 August 2019
သုံးဘီးယာဉ်တွေနဲ့ မန္တလေးမြို့

အထင်ကရနေရာတွေ၊ ရှေးဟောင်းအမွေအနှစ်တွေနဲ့ ထင်ရှားပြီး လူနေထူထပ်တဲ့ မန္တလေးမြို့မှာ လာရောက်တဲ့ ခရီးသွားတွေက အမိုးအကာနဲ့ သက်သောင့်သက်သာရှိတဲ့ သုံးဘီးယာဉ်တွေကို စီးနင်းကြသလို ဒေသခံတွေကလည်း ဒေသအခေါ်အားဖြင့် အိုးဝေလို့ ခေါ်တဲ့ ဒီသုံးဘီးယာဉ်တွေကို စီးနင်းလာကြပါတယ်။ အရင်က အသုံးပြုနေကျ ဆိုင်ကယ်တွေ၊ ကားတွေနေရာမှာ စျေးနှုန်းသင့်တင့်ပြီး လုံခြုံမှုရှိတဲ့ သုံးဘီးတွေက အခုလို နေရာယူလာတာလည်း ဖြစ်ပါတယ်။

သုံးဘီးမောင်းသူအများစုဟာ Get Ride၊ Grab နဲ့ အခြားဝန်ဆောင်မှုလုပ်ငန်းတွေက အပလီကေးရှင်းနဲ့ ချိတ်ဆက်မောင်းနှင်နေကြပြီး အစီးရေတစ်ထောင်ကျော်ရှိတဲ့ Get Ride ဟာ မန္တလေးမှာ သုံးဘီးစီးရေအများဆုံး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ 

ဒီလိုမျိုး ရန်ကုန်မြို့ပြင်ပအခြားမြို့တွေမှာ သွားရေးလာရေးအတွက် သုံးဘီးတွေကို အဓိကအားထားနေရပေမယ့် သုံးဘီးနဲ့ ပတ်သက်ပြီး တိုင်းဒေသအားလုံးအတွက် တူညီတဲ့ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေ မရှိသေးဘူးလို့ သုံးဘီးနဲ့ အခြားပို့ဆောင်ဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီ Get Ride ရဲ့ CEO ဦးငြိမ်းချမ်းစိုးဝင်းက ပြောပါတယ်။

သုံးဘီးတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေမဖြစ်အောင် ကျုံးပတ်လည်၊ ကျုံးထဲနဲ့ အဓိကမိန်းလမ်းမအချို့မှာ သုံးဘီးတွေကို မောင်းနှင်မှုမပြုဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက စည်းကမ်းထုတ်ပြန်ထားပေမယ့် ယာဉ်ကြောပိတ်ဆို့မှုလျော့နည်းအောင် သုံးဘီးစီးရေကို ကန့်သတ်ပေးဖို့လည်း လိုတယ်လို့ ဦးငြိမ်းချမ်းစိုးဝင်းက ပြောပါတယ်။ သုံးဘီးစီးရေတွေ တိုးတက်များပြားလာနေတာကြောင့် သုံးဘီးယာဉ်မောင်းတွေအနေနဲ့ ဝင်ငွေနည်းပါးလာမှုအခက်အခဲတွေရှိနေတယ်လို့လည်း သိရပါတယ်။

ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly