ကျူးကျော်ဟုဆိုကာ နေအိမ်ဖယ်ရှား ရှင်းလင်းခံရသူများက ဆန္ဒထုတ်ဖော်

ကျူးကျော်ဟုဆိုကာ နေအိမ်ဖယ်ရှား ရှင်းလင်းခံရသူများက ဆန္ဒထုတ်ဖော်
(ဓာတ်ပုံ၊ကိုကိုအောင်၊မဇ္ဈိမ)

မန္တလေး၊ သြဂုတ် ၂၃ ။        ။ စည်ပင်မှ ကျူးကျော်ဟု ဆိုကာ နေအိမ် ဖယ်ရှားရှင်းလင်းခံထားရသူများက သြဂုတ် ၂၃ ရက်၊နံနက် ၁၀ နာရီက မန္တလေးမြို့၌ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

"လူသားမဆန်စွာ ဂုဏ်သိက္ခာမဲ့စွာနဲ့ ကျွန်တော်တို့ပြည်သူတွေကို မောင်းထုတ်ပြီး အဲဒီအိုးအိမ်တွေကို ဖျက်ဆီးခဲ့လို အခုလို ဆန္ဒပြရခြင်းဖြစ်တယ်။ဒါကြောင့်မို့လို့ လူတွေက လမ်းပေါ်ထွက်လာရတယ်။လမ်းပေါ်ကို ဘယ်သူမှမထွက်ချင်ဘူး။ ဆန္ဒ ဘယ်သူမှ မပြချင်ဘူး။ အခြေပျက်၊ အနေပျက် ၊ အခြေမဲ့ အနေမဲ့ နေစရာမရှိ စားစရာမရှိ။ အခု လမ်းပေါ်မှာ ဖြစ်သလို မိုးကာတဲထိုးပြီးမှ နေ နေရလို့ ဒီကနေ့ ဒေသဆိုင်ရာ အာဏာပိုင်များအနေနဲ့ လုပ်ပိုင်ခွင့်ရှိသူများအနေဖြင့် မန္တလေးတိုင်းအစိုးရအဖွဲ့ အနေဖြင့် ဒီပြဿနာကို ဖြေရှင်းပေးဖို့အတွက် ဆန္ဒပြတောင်းဆိုရခြင်း ဖြစ်တယ်။"ဟု ဦးဆောင်သူ ဦးအေးသိန်းကပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စု၊ ရေလှောင်ကျေးရွာမှ နေအိမ် ၁၀၀ ကျော်ကို ကျူးကျော်နေထိုင်သူများဟုဆိုကာ မန္တလေးမြို့စည်ပင်သာယာရေးကော်မတီမှ ရှင်းလင်းဖယ်ရှားခဲ့ခြင်း ဖြစ်သည်။

ဆန္ဒပြသူများသည် ၆၂ လမ်း၊အေးသုခလမ်းမှစတင်၍ ၆၂ လမ်းအတိုင်း၊ထိုမှ ယောမင်းကြီးလမ်းအတိုင်း နေအိမ်များကို ဖျက်ဆီးသူ ပြည်သူ့ရန်သူ၊ဥပဒေမဲ့ ခြံစည်းရိုးခတ်သူ ငါတို့ ရန်သူ စသည်တို့ကို ကြွေးကြော်၍ လမ်း ၆ဝအထိ ချီတက်ဆန္ဒပြကြသည်။

နေအိမ်များ ဖျက်ဆီးခံရသောမြေနေရာများသည် ရေလှောင်ကျေးရွာရှိ တောင်သူများပိုင်မြေနေရာများဖြစ်ပြီး ၂၀၁၆ ခုနှစ်အထိ လယ်ယာစိုက်ပျိုးခဲ့သည့် သက်သေအထောက်အထားများလည်းရှိကာ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင်မြေမဟုတ်ကြောင်း ဆန္ဒပြသူများဘက်က ဆိုသည်။

ထိုတောင်သူပိုင်များကို အချို့က ဝယ်ယူနေထိုင်ခဲ့ခြင်းဖြစ်ပြီး နေအိမ်ဖျက်ဆီးခံရသူအများစုမှာ မူလပိုင်ရှင် တောင်သူများထံမှ ဝယ်ယူနေထိုင်ခဲ့ခြင်းဖြစ်သည်ဟု နေအိမ်အဖျက်ခံထားရသူ အသက် ၆၀ အရွယ် ဒေါ်ခင်ညိုက ဆိုသည်။

"ကျွန်မတို့အိမ်တွေလည်း ဖျက်ဆီးပစ်ပါတယ်။ ကျွန်မတို့ ကလေးလေးတွေနဲ့ မိုးစိုတဲ့အထဲ နေရပါတယ်။ ထားစရာလည်းမရှိ နေစရာလည်း မရှိပါဘူး။ မြေဝယ်တုန်းကလည်း ချေးငှားဝယ်ရတယ်။ အိမ်ဆောက်တုန်းကလည်း သူများဆီက ဆွဲရဲယူဆောက်ရပါတယ်။ အခုကြ အကုန်လုံး ဖျက်ဆီးသွားပါတယ်။ ကျွန်မတို့ တစ်ရက်၊ နှစ်ရက်တောင် ခွင့်တောင်းမရပါဘူး။ အကုန်ဖျက်ဆီးသွားပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့ ဆန္ဒဖော်ထုတ်တာပါ။ ကျွန်မတို့မြေ ပြန်လိုချင်ပါတယ်။ ကျွန်မတို့မှာနေစရာ မြေမရှိပါဘူး။"ဟု ဒေါ်ခင်ညိုက ပြောသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၎င်းနေရာတွင် နေထိုင်သူများကို ဖယ်ရှားပေးရန် ဇူလိုင် ၂၀ ရက်နေ့ အကြောင်းကြားစာများပေးပို့ထားပြီး သတ်မှတ်ရက်အတွင်း ဖယ်ရှားမပေးခြင်းကြောင့် ရှင်းလင်းဖယ်ရှားမှုများ ပြုလုပ်ရခြင်းဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူက ဆိုသည်။

"ကျွန်တော်တို့ စည်ပင်ရဲ့ စီမံခန့်ခွဲနိုင်တဲ့မြေနေရာ။ ပြီးတော့ ကော်မတီပိုင်တဲ့ လမ်းမြေပါ။ ဥပဒေအတိုင်း ဆောင်ရွက်ခဲ့တာပါ။"ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ဆန္ဒပြသူများအနေဖြင့် နေအိမ်များ အစားပြန်ပေးရေးအတွက် အဖျက်ခံထားရသည့်နေရာတွင် သပိတ်စခန်းဖွင့် ဆက်လက်တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly