ဖနောင့်တွေ ဘာကြောင့်ကွဲရတာလဲ…

ဖနောင့်တွေ ဘာကြောင့်ကွဲရတာလဲ…

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဖနောင့်ကွဲတာက ပြဿနာကြီးကြီးမားမားမဟုတ်ပေမယ့် လူတိုင်းနီးပါးခံစားနေရတဲ့ ခြေထောက်အရေပြားပြဿနာတစ်ခုပါ။ အရွယ်ရောက်ပြီးသူတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိ ခံစားနေရတဲ့ ပြဿနာတစ်ခုဆိုလည်းမမှားပါဘူး။ ဖနောင့်ကွဲတာက သိပ်မပြင်းထန်ရင် နာကျင်တာမျိုးတောင်မရှိစေဘူးဆိုပေမယ့် အလှပျက်စေတာကတော့ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဘာကြောင့် ဖနောင့်ကွဲရတာလဲဆိုတဲ့ အကြောင်းလေးကို နည်းနည်းလောက်ဆွေးနွေးချင်ပါတယ်။
ဖနောင့်ကွဲတာနဲ့ပတ်သက်လို့

ဖနောင့်ကွဲတာက အပေါ်ယံလောက်ပဲဆိုရင် ပြဿနာမရှိပေမယ့် အတွင်းထိအရမ်းနက်မယ်ဆိုရင်တော့ နာကျင်မှုကလည်း ပိုဆိုးနိုင်ပါတယ်။
ဖနောင့်ကွဲတာက ကလေးတွေမှာရောဖြစ်နိုင်လား……..

ဖနောင့်ကွဲတက လူကြီးတွေမှာ အဖြစ်များပေမယ့် ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဖနောင့်ကွဲတာက အရမ်းမပြင်းထန်ဘူးဆိုပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အရေပြားပြဿနာတစ်ခုပါ။
ဘယ်သူတွေမှာ အဖြစ်များလဲ……..

ဖနောင့်ကွဲတာက အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုအဖြစ်များကြပါတယ်။
ဘာကြောင့်ဖနောင့်ကွဲရတာလဲ…….

ဖနောင့်ကွဲရတဲ့အချက်က တစ်ချက်မကရှိနေနိုင်ပါတယ်။

အစိုဓာတ်နည်းတာ – ဒီအချက်ကတော့ ဖနောင့်ကွဲခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပါ။ များသောအားဖြင့် ခြေထောက်အောက်ဘက်ကအသားတွေက အစိုဓာတ်နည်းကြပြီး ခြောက်သွေ့ကွဲအက်လွယ်ကြပါတယ်။ အကြောင်းကတော့ ဖနောင့်တဝိုက်ကအသားအရေမှာ ချွေးဂလင်းလေးတွေသိပ်မရှိလို့ပါပဲ။

အာဟာရချို့တဲ့မှုကြောင့် – နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ ဇင့်ဓာတ်တွေ ပြည့်စုံလုံလောက်အောင် မပါဝင်တာကြောင့်လည်း ဖနောင့်ကွဲနိုင်ပါတယ်။

ဖိအားများတာကြောင့် – အချိန်ကြာမြင့်စွာမတ်တတ်ရပ်နေရမှုက ခြေဖနောင့်အသားတွေပေါ်မှာ ဖိအားသက်ရောက်မှုများတာကြောင့်လည်း ဖနောင့်တွေကွဲနိုင်ပါတယ်။

အသက်အရွယ်ကြီးရင့်လာတာကြောင့် – အသက်အရွယ်ကြီးရင့်လာတဲ့အခါ အသားအရေက ထူထဲ၊ခြောက်သွေ့ပြီး ဆွဲဆန့်နိုင်အားနည်းလာတာကြောင့်လည်း ဖနောင့်တွေ ကွဲနိုင်ပါတယ်။

ကျန်းမာရေးပြဿနာရှိနေတာ – ခြေထောက်မှာ မှိုပိုးဝင်တာ၊ သဲဝဲစားတာ၊ နှင်းခူဖြစ်တာ၊ သိုင်းရွိုက်ပြဿနာရှိတာလိုမျိုး၊ ဆီးချိုရှိတာ၊ အရေပြားပြဿနာတစ်ခုခုရှိနေတာတွေကြောင့်လည်း ဖနောင့်တွေကွဲနိုင်ပါတယ်။

အဝလွန်တာ – ခန္ဓာကိုယ်က ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုများနေတာကြောင့်လည်း ဖနောင့်မှာ ဝန်ပိပြီး ဖနောင့်တွေကွဲအက်နိုင်ပါတယ်။

ဖိနပ်က အဆင်မပြေတာ – နေ့စဉ်စီးနေတဲ့ ဖိနပ်ကအဆင်မပြေတာကြောင့်လည်း ထိခိုက်မှုတစ်ရပ်အနေနဲ့ ဖနောင့်ကွဲတာကို ခံစားရနိုင်ပါတယ်။

သန့်ရှင်းရေးအားနည်းတာ – ခြေထောက်ကိုသန့်ရှင်းရေးလုပ်ဆောင်ပေးမှုအားနည်းတာ၊ ပုံမှန်ကြေးချွတ်ဆေးကြောသန့်စင်တာမျိုး မလုပ်တာကြောင့်လည်း ခြေဖနောင့်တွေ ကွဲအက်နိုင်ပါတယ်။

ရေစိုများတာ – ခြေထောက်ကို တစ်ချိန်လုံးလိုလို ရေစိုနေစေမယ်၊ ခြေထောက်ဆေးပြီးတိုင်း ခြေထောက်မသုတ်ဘဲထားမယ် ဆိုရင်လညး် ဖနောင့်တွေကွဲအက်နိုင်ပါတယ်။

ဆိုဒ်သေးတဲ့ဖိနပ်ကို စီးတာ – ဖိနပ်ကို လှချင်ဇောနဲ့ ကိုယ့်ထက်ဆိုဒ်သေးတဲ့ဖိနပ်ကျပ်ကျပ်တွေကို စီးတာကြောင့်လည်း ဖနောင့်တွေကွဲနိုင်ပါတယ်။

မျိုးရိုးလိုက်တာ – မျိုးရိုးရှိနေတာကြောင့်လည်း ခြေဖနောင့်တဝိုက်မှာ အသားအရေခြောက်သွေ့တာ၊ အရေပြားထူတာတွေကြောင့်လည်း ဖနောင့်တွေကွဲအက်နိုင်ပါတယ်။
ဖနောင့်ကွဲတာကို ဘယ်လိုကာကွယ်မလဲ……….

ဖနောင့်ကွဲတာကို မဖြစ်ခင်က ကြိုတင်ကာကွယ်လို့ရပါတယ်။

  •     ခြေထောက်ကို အစိုဓာတ်ထိန်းခရင်မ်လူးပေးပါ။
  •     ဆဲလ်သေတွေဖယ်ရှားပါ။ ကိုယ်အလေးချိန်လျှော့ပါ။
  •     အဆင်ပြေစေမယ့် ဖိနပ်ကိုစီးပါ။
  •     ဖနောင့်ကို အုန်းဆီ ဒါမှမဟုတ် သံလွင်ဆီတစ်ခုခုကိုလူးပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly