Vape သောက်ရင် သွေးကြောတွေကိုထိခိုက်စေမယ့် အဆိပ်သင့်ဓာတုပစ္စည်းတွေ ထွက်ရှိစေနိုင်

Vape သောက်ရင် သွေးကြောတွေကိုထိခိုက်စေမယ့် အဆိပ်သင့်ဓာတုပစ္စည်းတွေ ထွက်ရှိစေနိုင်

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


Vaping လို့ခေါ်ကြတဲ့ အီလက်ထရောနစ်စီးကရက်(e-cigarette) သောက်သုံးခြင်းက ဆေးလိပ်ရဲ့ဆိုးကျိုးတွေကိုရှောင်ဖို့ ခုနောက်ပိုင်းခေတ်စားလာခဲ့တာပါ။ ဆေးလိပ်နဲ့ယှဉ်ရင်  e-cigarette ဟာ ကျန်းမာရေးအန္တရာယ်ပိုနည်းတယ်လို့ ယူဆပြီး အတော်များများက ဆေးလိပ်အစားထိုး ပြောင်းသောက်လာကြသလို ခေတ်ပေါ်ပစ္စည်းတစ်ခုလို သုံးစွဲလာကြသူတွေလည်းရှိပါတယ်။

ဒါပေမယ့် ဒီနောက်ပိုင်းမှာတော e-cigarette ကြောင့် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို လေ့လာတွေ့ရှိမှုတွေ တစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ e-cigarette ကြောင့် အဆုတ်ကျန်းမာရေးကိုထိခိုက်နိုင်တယ်လို့ ဆိုကြသလို အသက်ရှူလမ်းကြောင်းနဲ့ဆိုင်တဲ့ ပြဿနာတွေရှိလာစေနိုင်တယ်လို့ မကြာသေးခင်က သုတေသနတွေမှာ တွေ့ရှိထားပါတယ်။

ဒီတစ်ခါတော့ Vaping ကြောင့် အန္တရာယ်ရှိတဲ့အဆိပ်အတောက်တွေထွက်ရှိစေပြီး သွေးလည်ပတ်မှုကိုအနှောင့်အယှက်ပေး၊ သွေးကြောတွေကိုထိခိုက်ပျက်စီးစေနိုင်တယ်လို့ သုတေသနအသစ်က ဖော်ပြလာပါတယ်။

ဒါ့အပြင် ဒီရလဒ်ကို နီကိုတင်းမပါတဲ့ e-cigarette တွေသုံးတဲ့သူတွေမှာပါ တွေ့ရှိရတယ်လို့ဆိုပါတယ်။

လေ့လာတွေ့ရှိချက်အရ vaping ဟာ တစ်ကြိမ်ပဲဖြစ်စေဦးတော့ သွေးကြောလုပ်ဆောင်ချက်ကို ပျက်ယွင်းစေနိုင်တဲ့ ယာယီအပြောင်းအလဲတွေဖြစ်လာစေနိုင်တယ်လို့ သုတေသီတွေကပြောပါတယ်။

E-cigarette တွေက တံဆိပ်အမျိုးမျိုး၊ အနံ့အရသာအမျိုးမျိုးနဲ့ စုံလင်လာသလို ပါဝင်ပစ္စည်းတွေကလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် အခြေခံပါဝင်ပစ္စည်းတွေဖြစ်တဲ့ propylene glycol နဲ့ glycerol တို့ကတော့ များများပါဝင်တာ အတူတူပါပဲလို့ ဆိုပါတယ်။

Propylene glycol နဲ့ glycerol တို့ကို အပူပြင်းပြင်းပေးလိုက်တဲ့အခါ အဆိပ်အတောက်ဖြစ်စေတဲ့ တခြားဓာတ်ပစ္စည်းတွေဖြစ်ပေါ်လာစေတယ်လိုု့ သုတေသီတွေကပြောပါတယ်။ E-cigarette သောက်သုံးခြင်းက တကယ်တော့ သွေးကြောနံရံအမြှေးပါးအလွှာမှာ အဆိပ်သင့်ကိုယ်ခံအားတုံ့ပြန်မှုတစ်ခုဖြစ်လာစေတယ်လို့ သုတေသီတွေကပြောပါတယ်။

ဒါပေမယ့် ဒီသုတေသနက vaping ရဲ့ခဏတာသက်ရောက်မှုကိုပဲ လေ့လာခဲ့တာဖြစ်ပြီး ပါဝင်သူတွေရဲ့သွေးကြောက တစ်နာရီလောက်အကြာမှာ ပုံမှန်ပြန်ဖြစ်သွားတာတွေ့ရတယ်လို့ သိရပါတယ်။

ခန့်မှန်းကြည့်မယ်ဆိုရင် ဖြစ်လာနိုင်တာတစ်ခုက vaping ကိုတချိန်လုံးသောက်နေမယ်၊ နှစ်နဲ့ချီပြီး နေ့တိုင်းသောက်နေမယ်၊ ခန္ဓာကိုယ်က ပုံမှန်အနေအထားပြန်ပြောင်းဖို့အချိန်မရဘူးဆိုရင် ရောဂါအခြေအနေတစ်ခု ဖြစ်သွားနိုင်တယ်လို့ သုတေသီတစ်ဦးက ပြောပါတယ်။

ဒါကို သက်သေပြဖို့အတွက် နှစ်ရှည်တဲ့သုတေသနလေ့လာမှုတွေ ထပ်လုပ်ဆောင်ဖို့လိုတယ်လို့လည်း ပြောခဲ့ပါတယ်။

လောလောဆယ်တော့ သွေးကြောလုပ်ဆောင်ချက်တွေကို ယာယီထိခိုက်မှုရှိစေနိုင်တာကိုပဲ ဖော်ပြနိုင်သေးတာဖြစ်ပါတယ်။

ဒီသုတေသနကို Radiology  ဂျာနယ်မှာ သြဂုတ် ၂၀ ရက်က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly