တောင်သူတို့ အခက်အခဲ ဖြေရှင်းရေး လယ်သမားအရေး လှုပ်ရှားသူများ စုပေါင်း ဆွေးနွေး

တောင်သူတို့ အခက်အခဲ ဖြေရှင်းရေး လယ်သမားအရေး လှုပ်ရှားသူများ စုပေါင်း ဆွေးနွေး
 (ဓာတ်ပုံ- ကိုကိုအောင်/မဇ္ဈိမ)

မန္တလေး(ဩဂုတ်လ ၂၂ရက်၊ ၂၀၁၉ခုနှစ်)။ ။ နိုင်ငံတဝှမ်းရှိ တောင်သူလယ်သမားများ ရင်ဆိုင်၊ ကြုံတွေ့နေရသည့် အခက်အခဲများကို ကူညီ၊ ဖြေရှင်းပေးနိုင်ရန် လယ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက မန္တလေးမြို့ရှိ ကွန်မြူနတီစင်တာတွင် ဩဂုတ်လ ၂၂ရက် မွန်းလွဲပိုင်းက တွေ့ဆုံ၊ ဆွေးနွေးခဲ့ကြသည်။

တောင်သူများ၏ အခက်အခဲများဖြစ်သော လယ်ယာမြေ သိမ်းဆည်းခံရမှုမှအစပြုကာ ဖမ်းဆီး၊ တရားစွဲ၊ ထောင်ချခံရသည်အထိ စသည်တို့ကို ကူညီဖြေရှင်းနိုင်ရန် လယ်သမားအရေးလှုပ်ရှားသည့် အဖွဲ့အစည်းများ စုပေါင်း ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

“ဒီနေ့ ကျွန်တော်တို့ အဖွဲ့အစည်းတွေ နှစ်နာရီကြာ ဆွေးနွေးခဲ့ကြတယ်။ ဒေသအသီးသီးမှာ ဖြစ်နေတဲ့ တောင်သူတွေ ကျေးလက်နေ ပြည်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကူညီပေးနိုင်ဖို့အတွက် ဆွေးနွေးကြတာ” ဟု ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီမှ ဦးဆောင်သူဖြစ်သည့် ဦးငွေလင်းက ဆွေးနွေးပွဲအပြီး ညနေပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ယနေ့ ဆွေးနွေးပွဲတွင် အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးနစ်နာနေသော ဒေသအသီးသီးမှ တောင်သူလယ်သမားများအား အကာအကွယ်ပေးရန်၊ ဆုံးရှုံးနစ်နာနေသော တောင်သူလယ်သမားများနှင့် လက်တွဲ၍ ကူညီဆောင်ရွက်သွားရန်နှင့် ဆုံးရှုံးနစ်နာသူများ လိုအပ်နေသော ရုပ်ပိုင်း၊ စိတ်ပိုင်း အထောက်အကူများ ရရှိနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးသွားရန် စသည့် အချက်သုံးချက်ကိုလည်း သဘောတူ ချမှတ်ခဲ့ကြသည်။

ဒေသအသီးသီးတွင် လယ်သမားများ အခက်အခဲ ကြုံတွေ့နေရခြင်းသည် ပွင့်လင်းမြင်သူမှုနှင့် တာဝန်ခံမှု အားနည်းသည့် စီမံကိန်းများ၊ အာဏာပိုင်အဆင့်ဆင့်နှင့် တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှု လွဲမှားခြင်းများ၊ ပြည့်စုံမှု မရှိသည့် ဥပဒေ၊ နည်းဥပဒေများကြောင်း ဖြစ်သည်ဟု လယ်သမားအရေးလှုပ်ရှားသည့် အဖွဲ့အစည်းများက သတင်းစာရှင်းလင်းပွဲတွင် အသီးသီး ပြောဆိုကြသည်။

တရားမျှတရေးနှင့် အမှန်တရားပေါ်ပေါက်ရေးကော်မတီမှ ဦးအောင်စိုးမြင့်က “တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ စီမံခန့်ခွဲမှု အလွဲတွေကြောင့် တောင်သူတွေ နစ်နာနေရတယ်” ဟု ဆိုသည်။

ယနေ့ တွေ့ဆုံဆွေးနွေးပွဲသို့ တရားမျှတရေးနှင့် အမှန်တရားဖော်ထုတ်ရေးကော်မတီ၊ ကျေးလက်လူထု လှုပ်ရှားမှု ဝန်းရံကော်မတိ၊ ဝါးစိမ်းတောင်ကာကွယ်ရေးကော်မတီ(ယင်းမာပင်)၊ ကန့်ဘလူမြို့နယ်ဘူးကုန်းကျေးရွာ တောင်သူလယ်သမားအရေး လှုပ်ရှားမှုအဖွဲ့၊ မုံရွာမြို့နယ် တောင်သူလယ်သမားအရေး လှုပ်ရှားသူများအဖွဲ့၊ လက်ပံတောင်းတောင် ကယ်တင်ရေးကော်မတီနှင့် မုံရွာတောင်သူလယ်သမား သမဂ္ဂ စသည့် အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly