နယူးဇီလန် လွှတ်တော်ဥက္ကဌက ကလေးကို နို့တိုက်ရင်း လွှတ်တော် ဆွေးနွေးပွဲကို ကြားနာ

နယူးဇီလန် လွှတ်တော်ဥက္ကဌက ကလေးကို နို့တိုက်ရင်း လွှတ်တော် ဆွေးနွေးပွဲကို ကြားနာ

ဝယ်လင်တန်၊ သြဂုတ် ၂၂ ။       ။ နယူဇီလန် အောက်လွှတ်တော်မှာ လွှတ်တော်ဥက္ကဌက အမတ်တဦးရဲ့ ကလေးကို ခေါ်ယူထိန်းကျောင်းပြီး နို့ဘူးတိုက်ရင်းနဲ့ လွှတ်တော်ဆွေးနွေးပွဲကို သဘာပတိမူပြီး ကြားနာပါတယ်။

လွှတ်တော်အမတ် တာမာတီကော့ဖီးရဲ့ သားလေးကို ဥက္ကဌဖြစ်သူ ထရီဗာမယ်လာ့ဒ်က သူ့ရဲ့ ဥက္ကဌ ထိုင်ခုံမှာ ထိုင်ရင်း နို့ဘူးတိုက်နေတဲ့ ပုံကို ကိုယ်တိုင် တွစ်တာမှာ ဓာတ်ပုံတင်ခဲ့တာ ဖြစ်ပါတယ်။

လေဘာပါတီ အမတ် ကော့ဖီးဟာ သူ့သားငယ် တူတာနီကိုင်းစမစ်ကော့ဖီးကို ဇူလိုင်လတုန်းက မွေးဖွားကြောင်း ကြေညာခဲ့ပါတယ်။

ဒီ သားငယ်ကို အစားကိုယ်ဝန်သည် မိခင်နဲ့ မွေးဖွားတာဖြစ်ပြီး အမတ် ကော့ဖီးရဲ့ လက်တွဲဖော် တမ်စမစ်က ကလေးရဲ့ ဖခင်ရင်းပဲ ဖြစ်ပါတယ်။

ကလေး မွေးဖွားလို့ ခွင့်ယူထားရာကနေ ပထမဆုံး လွှတ်တော်ပြန်တက်တဲ့ ဗုဒ္ဓဟူးနေ့မှာ ကော့ဖီးဟာ လွှတ်တော်ဆွေးနွေးပွဲကို ကလေးကိုပါ ချီပိုးရင်း တက်ရောက်လာတာပါ။

အဲဒီ လွှတ်တော်စည်းဝေး ဆွေးနွေးနေချိန်မှာ ကလေးသုံးဦး ဖအေလည်း ဖြစ်တဲ့ ဥက္က ထရီဗာက လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းရင်း ကော့ဖီးရဲ့ ကလေးထိန်းအဖြစ်ပါ တာဝန်ယူခဲ့တာပဲ ဖြစ်ပါတယ်။

“လွှတ်တော်မှာ ကလေးတယောက် ရှိနေတာ ချစ်စရာပါ။ ချစ်စဖွယ် ကလေးငယ်လေးပါ။”လို့ ဂရင်းပါတီက အမတ်ဖြစ်သူ ဂါရက်ရှ်ဟု့ချ်က ရေးသားပြီး ကလေးငယ်ကို ကော့ဖီးက ချီပိုးထားတဲ့ပုံကို တွစ်တာမှာ ဖြန့်ဝေခဲ့ပါတယ်။

ကမ္ဘာတစ်လွှားက လွှတ်တော်မှာ ကလေးကိုပါ လွှတ်တော်ထဲ ခေါ်လာတာဟာ ကော့ဖီးအရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ဗြိတိန်က လစ်ဘရယ်ဒီမိုကရက်ပါတီ ခေါင်းဆောင် ဂျိုဆွမ်းဆန်ဟာ ၂၀၁၈ က သူမ ကလေးငယ်ကို ချီပိုးရင်း လွှတ်တော်ဆွေးနွေးပွဲ တက်ရောက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က သြစတြေးလျလွှတ်တော်ထဲမှာ အမျိုးသမီးအမတ် လာရီဆာဝတ်တာဟာလည်း လွှတ်တော်ထဲမှာ ကလေးကို နို့တိုက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly